
ရိုဟင်ဂျာအကြမ်းဖက်လက်နက်ကိုင်အဖွဲ့ (ARSA) ရဲ့ ဖမ်းဆီးခံရတာ တနှစ်နီးပါး ကြာမြင့်တဲ့အထိ ပြန်မလွတ်လာတဲ့ ဘူးသီးတောင်ဒေသခံတွေရဲ့ မိသားစုဝင်တွေ စိုးရိမ်သောက ရောက်နေကြပါတယ်။
ဘူးသီးတောင်မြို့နယ်၊ ဆင်စွယ်ရ (ဒိုင်းနက်) ကျေးရွာမှာ ARSA အဖွဲ့ဝင်တွေ ရွာထဲကို လက်နက်တွေနဲ့ ဝင်ရောက်လာပြီး သူ့ရဲ့ အမျိုးသားဖြစ်သူကို ဖမ်းခေါ်သွားတာကို အသက် ၂၂ နှစ်အရွယ် မဝါ (အမည်လွှဲ) က ပြောပါတယ်။
“အိမ်ပတ်ပတ်လည်မှာ ဝိုင်းထားကြတယ်၊ ပြီးရင် သူတို့ဘာသာစကားတွေနဲ့ အော်ခေါ်ကြတယ်၊ အိမ်ရှင်(အမျိုးသား)ကလည်း သူတို့ ခေါ်သံကြားလို့ ဆင်းသွားလိုက်တယ်၊ အိမ်ရှင် ပြောတာကို ကြားလိုက်ရတယ်၊ ကျနော် ကြောက်တယ်ဆိုပြီးတော့၊ အဲဒါနဲ့ ကျမတို့လည်း မအိပ်နိုင်တော့ဘူး၊ ကြောက်လို့ တုန်နေတယ်၊ သူတို့ ဖမ်းခေါ်သွားတာ ၁၀ မိနစ် ၁၅ မိနစ်လောက်တောင် မရှိသေးဘူး၊ ခဏအကြာမှာပဲ ရွာထဲမှာ သေနတ်ပစ်သံကြားရတယ်။”
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၄ ရက် ည ၁၀ နာရီဝန်းကျင် ချမ်းအေးလှတဲ့ ညတညမှာ သူ့ရဲ့ ဘဝထဲမှာ မထင်မှတ်ထားတဲ့ ဖြစ်ရပ်ဆိုးကြီးတခု ကြုံခဲ့ရတဲ့အဖြစ်ကို ပြန်ပြောပြာတာဖြစ်ပါတယ်။
အဲဒီနေ့က ရိုဟင်ဂျာအကြမ်းဖက်လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ARSA၊ RSO အဖွဲ့တွေဟာ ဆင်စွယ်ရ ဆိုတဲ့ ရွာထဲကို ဝင်ရောက်ကာ နေအိမ်တွေကိုမီးရှို့ပြီး အပြစ်မဲ့ အရပ်သားတွေကို သတ်ဖြတ်တာ၊ ဖမ်းဆီးခေါ်ဆောင်သွားတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
အခုလို ဖမ်းဆီးခေါ်ဆောင်သွားသူတွေထဲမှာ သူ့ရဲ့ အမျိုးသား ဖြစ်သူလည်း ပါဝင်နေခဲ့တာပါ။ သူလည်း သူရဲ့မိခင် အပါအဝင် ၃ နှစ်အရွယ် ကလေးငယ်လေးနဲ့အတူ အသက်အန္တရာယ်ကို စိုးရိမ်ကြောက်လန့်ပြီး ငှက်ပျောတောထဲမှာဘဲ တညလုံး ပုန်းခိုနေထိုင်နေခဲ့ရတယ်လို့ ဆိုပါတယ်။
“ARSA ပြန်လာလိမ့်မယ်ဆိုပြီး စိုးရိမ်ပြီးတော့ ငှက်ပျောတောလေးမှာ ဝှက်နေကြတယ်။ ၃၊ ၄ နာရီလောက်ထိပေါ့၊ အိပ်လည်းမအိပ်ခဲ့ရဘူး၊ တညဉ့်လုံး ဒီအတိုင်းပဲ၊ အဲချိန်တုန်းက ဒီဇင်ဘာ ဆိုတော့ အရမ်းလည်းအေးပါတယ်။”
သူ့ရဲ့ အမျိုးသားဟာ လယ်ယာလုပ်ငန်းလုပ်ကိုင်ရင်း ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းကာ မိသားစု စားဝတ်နေရေးကို တာဝန်ယူဖြေရှင်းပေးနေသူ ဖြစ်တယ်လို့ လည်းဆိုပါတယ်။
တဖက်မှာလည်း မိသားစုနဲ့ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ဖို့ မျှော်လင့်နေတဲ့ သူ့အတွက်ကတော့ ခုလို ARSA ရဲ့ အကြမ်းဖက်လုပ်ရပ်ကြောင့် သူ့ဘဝတခုလုံး ဆုံးရှုံးသွားရသလိုပါပဲလို့ ပြောပါတယ်။
လာမယ့် ဒီဇင်ဘာ ၄ ရက်နေ့ဆိုရင် သူ့အမျိုးသားကို ARSA ဖမ်းခေါ်သွားတာ တနှစ်ပြည့်တော့မှာ ဖြစ်ပေမဲ့ ခုချိန်ထိ ဘာသတင်းအစအနမှ မရရှိဘူးလို့ ဆိုပါတယ်။
လက်ရှိမှာ သူဟာ အသက် ၂၂ နှစ်အရွယ်ရှိပြီး သူ့မှာ ၄ နှစ်အရွယ် သမီးငယ်လေး တယောက်လည်း ရှိပါတယ်။
ဒါပေမဲ့ အမျိုးသားဖြစ်သူကိုပဲ မှီခိုအားကိုးနေရတဲ့ သူ့အတွက်တော့ အမျိုးသားမရှိတော့တဲ့ နေ့ကတည်းကနေ စားဝတ်နေရေးကို ခက်ခက်ခဲခဲနဲ့ ရုန်းကန်ဖြေရှင်းနေရသလို တဖက်မှာလည်း ARSA ရဲ့ရန်ကို စိုးရိမ်ကြောက်လန့်နေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။
“အိမ်ရှင်လုပ်စာ ထိုင်စားနေရတာပါ၊ သူတယောက်မရှိတာနဲ့ ဝင်ငွေလည်း မရှိတော့ဘူး၊ အစားအသောက်လည်း ကျပ်တယ်၊ အနေအထိုင်ကအစ အားလုံးကျပ်တည်းတယ်။ အိမ်ထောင်ဦးစီး မရှိ ဆိုကတည်းက အဲဒီအိမ်က လုံးဝကို ဟာတာတာကြီး ဖြစ်သွားတယ်။ အလုပ်အကိုင်တွေ ဆိုလည်း ဘာတခုမှ အဆင်မပြေတော့ဘူး။ ခုဆိုရင် တနှစ်တောင် ပြည့်ပါတော့မယ်။ ဒါပေမဲ့ နေရတာက ခုချိန်ထိ အိပ်သာအိပ်နေရတာပါ၊ ကြောက်ကြောက်လန့်လန့်နဲ့ အိပ်နေရပါတယ်။”
လက်ရှိမှာလည်း ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကနေတဆင့် မောင်တောခရိုင်အတွင်းကို စိမ့်ဝင်လှုပ်ရှားနေပြီး ဒေသခံတွေရဲ့ အသက်အန္တရာယ်တွေကတော့ စိုးရိမ်နေရဆဲပါ။
အလားတူ အဲဒီနေ့တရက်တည်းမှာ ဆင်စွယ်ရကျေးရွာရှိ သူ့ရဲ့အမျိုးသားကလည်း ARSA တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာ ခံခဲ့ရတယ်လို့ မညို (အမည်လွှဲ) က ထပ်ပြောပါတယ်။
လက်ရှိမှာ အမျိုးသား ဖမ်းဆီးခံရပြီးနောက်ပိုင်း အသက် ၃ နှစ်အရွယ် သားငယ်လေးနဲ့အတူ ထင်းရှာ၊ ဝါးခုတ်ရင်း စားဝတ်နေရေးကို ဖြေရှင်းနေရတယ်လို့ ဆိုပါတယ်။
“လယ်လည်းမရှိ၊ နွားလည်းမရှိတော့ တရက်လုပ် တရက်စားရပါတယ်။ ဝါးခုတ်ပြီး ဝါးရောင်းတယ်၊ ထင်းရှာပြီး ထင်းရောင်းပါတယ်၊ အဲဒီလိုပဲ ရှာစားနေရတာပါ။ ခု စားစရာလည်း မရှိပါ၊ ဆန်လည်း မရှိပါ၊ ငွေရေးကြေးရေးလည်း မရှိပါ၊ အိမ်ရှင်မရှိတော့ ပိုပြီး အခက်အခဲဖြစ်ရပါတယ်။”
လက်ရှိမှာ ARSA ရန်ကို စိုးရိမ်ပြီး တောတောင်အမှီပြု လုပ်ကိုင်စားသောက်နေရသူတွေမှာ စားဝတ်နေရေး အဆင်မပြေ ဖြစ်ရတယ်လို့ ဆိုပါတယ်။
တဖက်မှာလည်း လာမယ့်နှစ်မှာ သူ့ရဲ့သားငယ်လေးကို ကျောင်းထားရတော့မှာ ဖြစ်ပေမဲ့လည်း ငွေရေးကြေးရေး အခက်အခဲကြောင့် ကျောင်းထားနိုင်ဖို့နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။
မညိုက “ကလေးကလည်း နောက်တနှစ်လောက်ဆို ကျောင်းထားရမယ့်အရွယ် ရောက်ပါတော့မယ်။ ဒါပေမဲ့ ငွေရေးကြေးရေးက မရှိတော့ မတတ်နိုင်တော့ဘူးပေါ့။ ကလေးကို ကျောင်းထားနိုင်မလား၊ မထားနိုင်တော့ဘူးလား ဆိုတာလည်း မသိတော့ပါဘူး” လို့ ပြောပါတယ်။
လာမယ့် ဒီဇင်ဘာ ၄ ရက်နေ့ဆိုရင် ဆင်စွယ်ရကျေးရွာက အမျိုးသားတွေ ဖမ်းဆီးခံရတာ တနှစ်နီးပါး ရှိနေပါပြီ။ ခုချိန်ထိ သတင်းတစုံတရာ မကြားရသေးသလို သေသလား၊ ရှင်သလားတောင် မသိရသေးပါဘူး။
ဒါပေမဲ့ မိသားစုဝင်တွေကတော့ ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ဖို့ကိုပဲ ခုချိန်ထိ မျှော်လင့်နေကြတုန်းပါ။
လက်ရှိမှာလည်း မောင်တောခရိုင်မှာ ရိုဟင်ဂျာလက်နက်ကိုင်တပ်တွေဟာ အရပ်သားတွေနဲ့ အာရက္ခတပ်တော် (AA) ကို ချုံခိုတိုက်ခိုက်မှုတွေ ရှိနေပြီး အရပ်သားဖမ်းဆီးခံရတာ၊ သတ်ဖြတ်ခံရတာ၊ ထိခိုက်သေဆုံးတာတွေလည်း ရှိနေပါတယ်။
၂၀၂၅ ခုနှစ် မတ်လကစပြီး လက်ရှိအချိန်ထိ ARSA ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် သေဆုံးသူ အနည်းဆုံး ၂၀ ထက်မနည်း ရှိနေပြီး ထိခိုက်ဒဏ်ရာရရှိသူတွေ၊ ပျောက်ဆုံးနေသူတွေလည်း ထပ်ရှိနေဆဲပါ။
လက်ရှိမှာလည်း ARSA ရန်ကို စိုးရိမ်ပြီး မောင်တောမြို့နယ်ရှိ ကျေးရွာပေါင်း ၉ ရွာလောက်က ဘေးလွတ်ရာကို တိမ်းရှောင်နေကြရဆဲ ဖြစ်သလို ဒေသခံတွေ သတိပြုသွားလာနေထိုင်ကြဖို့ AA က အသိပေးထားပါတယ်။
ကေခိုင်


