
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့ (ARSA)က ဖမ်းဆီးသွားခဲ့တဲ့ ကင်းချောင်းကျေးရွာက ကလေးငယ် တယောက်အပါဝင် ၃ ယောက်ကို အခုအချိန်အထိ ပြန်လည်ရှာမတွေ့သေးဘူးလို့ မောင်တောဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၂၄ ရက် မနက်ပိုင်းက မောင်တောမြို့နယ် ကင်းချောင်းကျေးရွာက ကျေးရွာသား ၆ ယောက်ဟာ ရွာရဲ့အရှေ့ဘက် မယူတောင်ခြေရင်းမှာ နွားကျောင်းနေကြစဥ် ARSA အဖွဲ့က ကလေးတယောက် အပါဝင် ကျေးရွာသား ၃ ယောက်ကို ဖမ်းဆီးသွားတာလို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေကို ကျေးရွာသားတွေနဲ့ အာရက္ခတပ်တော်က လိုက်လံရှာဖွေနေပေမဲ့ ရှာမတွေ့သေးဘူးလို့ မောင်တောဒေသခံက ပြောပါတယ်။
“ARSA ဖမ်းဆီးသွားတဲ့ ကင်းချောင်းရွာက ကလေးတစ်ဦး အပါဝင် ၃ ဦးလုံး ပြန်မလွတ်လာသေးဘူး။ ကျေးရွာသားတွေနဲ့ အာရက္ခတပ်တော်ကတော့ လိုက်လံရှာဖွေမှုတွေ လုပ်နေကြတယ်။ မောင်တောမှာက အစ္စလာမ်မစ်အစွန်းရောက် လက်နက်ကိုင်အဖွဲ့တွေရဲ့ အန္တရာယ်က ဒေသခံတွေအပေါ်မှာ အတော်လေး သက်ရောက်မှုရှိလာနေတယ်။ ဒေသခံတွေ ကုန်သွယ်ရေးလည်း မလုပ်ရဲတော့ဘူး။ တောင်ယာလည်း မသွားရဲတော့ဘူး” လို့ပြောပါတယ်။
ARSA အဖွဲ့က ဖမ်းဆီးသွားသူတွေမှာ ကင်းချောင်းက အသက် ၁၀ နှစ်အရွယ် မငြိမ်းစန္ဒာ၊ အသက် ၄၀ အရွယ် ဦးမောင်ဘထွန်းနဲ့ အသက် ၂၁ နှစ်အရွယ် ကိုမောင်ထွန်းအေး တို့ဖြစ်ကြပြီး နောက်ထပ် ၃ ယောက်ကတော့ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ARSA၊ RSO ၊ ARA တို့ဟာ မောင်တောမြို့နယ်က မွတ်ဆလင်ကျေးရွာအချို့နဲ့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေမှာ ခြေကုပ်ယူထားပြီး မေယုတောင်တောတလျှောက်နဲ့ မောင်တောမြောက်ပိုင်းမှာ အဓိကလှုပ်ရှားနေပါတယ်။
အောက်တိုဘာ ၂၂ ရက်ကလည်း မောင်တောမြို့နယ် မြိုယုကျေးရွာအနီးမှာ ခရီးသည်တင်ကား တစီးကို ARSA က ချုံခိုတိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသမီး ၂ ယောက် သေဆုံးပြီး နောက်ထပ် အမျိုးသား ၂ ယောက်နဲ့ ကလေးတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ ပါတယ်။
မောင်တောမြို့နယ်မှာ ARSA အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နယ်စပ်ကုန်သွယ်ရေးတွေ ရပ်တန့်နေကြရတယ်လို့ တောင်ပြိုလက်ဝဲမြို့ခံ အမျိုးသား တယောက်က ပြောပါတယ်။
“ကုန်သွယ်ရေးက ရပ်တန့်နေတယ်ဗျာ။ ဒေသ မလုံခြုံတော့ ဘယ်သူမှ မသွားရဲကြဘူး။ တချို့ သွားကြတဲ့သူတွေကိုလည်း ARSA အဖွဲ့က မိုင်းဆွဲတိုက်ခိုက်တာကြောင့် မသွားရဲ့ကြတော့ဘူး။ နယ်စပ်တလျှောက်မှာလည်း ARSA က အကြမ်းဖက်တွေ လုပ်နေတော့ ဘင်္ဂလားဒေ့ရှ်ဘက်က ကုန်စည်က အဝင်မရှိသလောက်ပဲ။ အကုန်လုံး ရပ်တန့်နေတယ်။”
ARSA၊ RSO၊ ARA စတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ မောင်တောနဲ့ ဘူးသီးတောင် မြို့သိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်နဲ့အတူ မဟာမိတ်ဖွဲ့ပြီး အာရက္ခတပ်တော်ကို တိုက်ခိုက်ခဲ့တဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။


