Home
မြန်မာသတင်း
မောင်တောတွင် ခရီးသည်ကားကို ARSA တိုက်ခိုက်၊  ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ
DVB
·
October 23, 2025

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြိုယုကျေးရွာအနီးမှာ ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာက ဈေးဝယ်ပြီးပြန်လာတဲ့ ခရီးသည်တင်ကားတစီးကို အောက်တိုဘာ ၂၂ ရက်က ရိုဟင်ဂျာ လက်နက်ကိုင်တပ်ဖွဲ့(ARSA) က ချုံခိုတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်က (AA) က ထုတ်ပြန်ပါတယ်။

ကားမောင်းသူ တယောက်နဲ့ ခရီးသည် ၄ ယောက် လိုက်ပါလာတဲ့ ခရီးသည်တင်ကားတစီးကို ARSA တပ်ဖွဲ့က အောက်တိုဘာ ၂၂ ရက် မွန်းလွဲ ၁ နာရီလောက်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ခရီးသည် အမျိုးသမီး ၂ ယောက် သေဆုံးခဲ့ပါတယ်။

ယာဥ်မောင်းဖြစ်သူနဲ့ နောက်ထပ်အမျိုးသားတယောက်တို့ ဒဏ်ရာရရှိခဲ့ကြသလို သေဆုံးသွားတဲ့ ဒေါ်ဝေဝေစိုးရဲ့ ၃ နှစ်အရွယ် ကလေးငယ်ကို မိခင်ရဲ့ဘေးမှာ အသက်ရှင် တွေ့ရတယ်လို့ AA က ထုတ်ပြန်ပါတယ်။

သေဆုံးသွားသူတွေမှာ အသက် ၃၀ အရွယ် ဒေါ်ဝေဝေစိုးနဲ့ အသက် ၄၀ အရွယ် ဒေါ်နိုင်နိုင်ဆွေ တို့ဖြစ်ကာ သေနတ်ပစ်ခတ်ဒဏ်ရာနဲ့ သေဆုံးနေတာတွေ့ရှိပြီး ယာဥ်မောင်း ကိုထွန်းဝင်းနဲ့ ခရီးသည် မောင်သန်းထွီး တို့ကိုလည်း ဒဏ်ရာတွေနဲ့ ထပ်မံတွေ့ရှိရသလို ဒေါ်ဝေဝေစိုးရဲ့ သမီးဖြစ်သူ မခိုင်မြတ်မွန်ကို အသက်ရှင် ပြန်လည်တွေ့ရှိခဲ့တယ်လို့ AA က ပြောထားပါတယ်။

ARSA နဲ့ RSO လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အရင်က နတ်မြစ်နဲ့ မယူတောင် လမ်းကြောင်းကနေတဆင့် ရခိုင်ပြည်နယ်၊ မောင်တောခရိုင် မြောက်ပိုင်းအတွင်းကို ဝင်ရောက်လှုပ်ရှားနေတာ ဆိုပေမဲ့ လက်ရှိမှာ မောင်တော တောင်ပိုင်းမှာပါ အကြမ်းဖက် လှုပ်ရှားမှုတွေ လုပ်လာနေတာလို့ ဒေသခံတွေက ပြောပါတယ်။

မောင်တောဒေသခံတယောက်က “တောင်ပိုင်းမှာဖြစ်သွားတဲ့ကိစ္စမို့ ကျနော်တို့က အရမ်းအံ့သြတာပေါ့‌နော်။ မြောက်ပိုင်းကိုပဲ ကျနော်တို့က စိုးရိမ်စရာ ဖြစ်နေတယ် ထင်တာပါ။ မြောက်ပိုင်းမှာက ARSA/RSO တို့လိုမျိုး အကြမ်းဖက်တွေ အရမ်းစိမ့်ဝင်တဲ့ နေရာမျိုးလေ။ ခုဖြစ်တာက တောင်ပိုင်းဆိုတော့၊ စေတီပြင်တို့၊ ကျောက်ပန္ဒူတို့ဆိုတာက အမြဲတမ်း သွားလာနေကြတဲ့ နေရာတွေပါ။ မနေ့ကသွားတဲ့ လမ်းကလည်း ဆိုင်ကယ်တွေ၊ ကားတွေ၊ ခရီးသည်တွေ နေ့တိုင်းလိုလို သွားလာနေကြလမ်းတွေပါ။ အဲဒီဘက်တွေလည်း မလုံခြုံတော့ဘူးဆိုတဲ့ သဘောမျိုးပေါ့နော်။ ဒီလို အကြမ်းဖက်တဲ့ကိစ္စတွေက အဲဒီဘက်မှာလည်း ဖြစ်လာတော့ ကျနော်တို့ အရမ်းစိုးရိမ်ပါတယ်” လို့ ပြောပါတယ်။

ARSA အဖွဲ့က ချုံခိုတိုက်ခိုက်ပြီး ဖမ်းဆီးသတ်ဖြတ်တာအပြင် ဆန်၊ ဆီ၊ ဆား၊ ငရုတ်သီး အစရှိတဲ့ ကားပေါ်က စားနပ်ရိက္ခာတွေကိုလည်း ယူဆောင်သွားခဲ့ပြီး လက်ရှိမှာ လိုက်လံရှင်းလင်းနေတယ်လို့လည်း AA ကပြောပါတယ်။

ARSA အဖွဲ့က ဒေသခံပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်နေတဲ့အတွက် မလုံခြုံတော့သလို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ-စေတီပြင်လမ်းမှာ ARSA တိုက်ခိုက်တာ ၂ ကြိမ်အထိ ရှိလာနေပြီး ဒေသခံတွေကို စိုးရိမ်မှု မြင့်တက်စေတယ်လို့ ကျောက်ပန္ဒူကျေးရွာက အမျိုးသမီး တယောက်က ပြောပါတယ်။

“ARSA အဖွဲ့က မောင်တောမြောက်ပိုင်းမှာ အကြမ်းဖက်တိုက်မှု ပြုလုပ်တာများတယ်။ အခု တောင်ပိုင်းအထိ ပြုလုပ်လာတာပေါ့။ ဒီနှစ်အစောပိုင်း ဇန်နဝါရီလက တကြိမ်တိုက်ခိုက်ခဲ့ပြီးတော့ အခု နောက်ထပ်တကြိမ် တိုက်ခိုက်လာတာ ဖြစ်တယ်။ အခု တိုက်ခိုက်ခံရတဲ့ ကားနဲ့ သေဆုံးသူတွေက ကျမတို့ရွာကဖြစ်နေတော့ အကုန်လုံးက စိုးရိမ်စိတ် မြင့်တက်နေကြတယ်” လို့ ပြောပါတယ်။

ရသေ့တောင်မြို့နယ် ဒေသခံတယောက်ကလည်း “သူတို့ ခုလိုမျိုး လက်နက်ကိုင်ပြီးတော့ ဝင်တိုက်တယ် ဆိုကတည်းက လမ်းကြောတခုတည်း မဟုတ်ပါဘူး။ ရွာတွေကအစ စိုးရိမ်ရတဲ့ အနေအထား ဖြစ်နေပါပြီ။ လုံးဝ မလုံခြုံတော့တဲ့ အနေအထားပေါ့။ ခုပုံစံတိုင်းဆို ဘယ်သူမှ မသွားရဲတော့ဘူးလေ။ သွားဖို့နေနေသာသာပါ အနီးအနားမှာရှိတဲ့ ရွာတွေကတောင် သူတို့လာတိုက်မှာကို စိုးရိမ်နေတဲ့ အနေအထား ဖြစ်လာပြီ။ သူတို့က စစ်ကို စစ်လိုတိုက်တာ မဟုတ်ဘူး။ အကြမ်းဖက်ပြီးတော့ ပြည်သူတွေကို ဦးတည်ချက်ရှိရှိ တိုက်ခိုက်နေတာပါ။ ပြောရမယ်ဆိုရင် သူတို့က ပဋိပက္ခကြီးကြီးမားမား ဖန်တီးပြီးတော့ တမင် ရည်ရွယ်ချက်ရှိရှိ လုပ်နေတယ်လို့ မြင်ပါတယ်။ ဒီ ပုံမှန်သွားလာလို့ရဖို့ဆိုရင် AA ဘက်ကလည်း လုံခြုံရေးကို တင်းတင်းကျပ်ကျပ် တိုးမြှင့်ချထားဖို့ လိုတာပေါ့နော်။ အဲတော့မှ ပြည်သူတွေက သွားလာရဲမှာပေါ့နော်” လို့ ပြောပါတယ်။

အလားတူ အောက်တိုဘာ ၂၁ ရက်ကလည်း မောင်တောမြို့နယ်၊ နံသာတောင်ကျေးရွာကို ပြန်တဲ့ အရပ်သား ၂ ယောက်ကို ARSA အဖွဲ့က သေနတ်နဲ့ပစ်ခတ်လို့ တယောက်သေဆုံးပြီး တယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

မောင်တောနဲ့ ဘူးသီးတောင်ဒေသမှာ ARSA အဖွဲ့ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးသူ အယောက် ၅၀ ကျော်ရှိသွားပြီလို့ ဒေသခံတွေကပြောကြပါတယ်။

ဒါအပြင် ARSA အဖွဲ့ဟာ မောင်တောမြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့ AA ရဲ့ စခန်းတွေကို စက်တင်ဘာလကတည်းက တိုက်ခိုက်နေတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

ရိုဟင်ဂျာ လက်နက်ကိုင်တွေဖြစ်တဲ့  ARSA၊ RSO၊ ARA တို့ဟာ စစ်ကောင်စီနဲ့ မဟာမိတ်တွေ ဖြစ်ကြပြီး မောင်တောနဲ့ ဘူးသီးတောင် မြို့သိမ်းတိုက်ပွဲတွေမှာ အတူခုခံခဲ့ကြတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်ကလည်း အဲဒီ ကျောက်ပန္ဒူ-စေတီပြင်၊ မယူတောင်ကျော်လမ်းမှာ ARSA အဖွဲ့က သေနတ်နဲ့ပစ်ခတ်လို့ ဒေသခံတယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိသွားခဲ့ပါတယ်။

လက်ရှိမှာတော့ အာရက္ခတပ်တော် (AA) အနေနဲ့ ARSA တပ်ဖွဲ့ဝင်တွေကို လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013