
ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ARSA နဲ့ RSO အဖွဲ့တွေက မောင်တောခရိုင်အတွင်းမှာ အပြစ်မဲ့ ပြည်သူတွေကို မကြာခဏ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေ လုပ်နေတယ်လို့ ဒေသခံ ရိုဟင်ဂျာတွေက ပြောဆိုကြပါတယ်။
ဒါဟာ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်နေပြီး ခုလိုလုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့ မောင်တောခရိုင် ရိုဟင်ဂျာအကြီးအကဲဖြစ်တဲ့ ဂျူရီခေါင်းဆောင် အဘူဘာဆဲရ်က ပြောပါတယ်။
“ကျနော်တို့ စိုးရိမ်ချက်ကတော့ ပြည်သူကို တားဂတ် ထားပြီးတော့မှ လိုက်သတ်လာတာဟာ ကျနော်တို့အပေါ် ပြောနေတဲ့ လူမျိုးရေးအတွက်ဆိုတာ လုံးဝ တလွဲစီ ဖြစ်နေပါတယ်။ ဘာမှ မူဝါဒမရှိဘဲနဲ့ မယ်မယ်ရရ တခုမှမရှိဘဲနဲ့ အရပ်သား ပြည်သူတွေကို လာသတ်တာကို ကျနော့်အနေနဲ့ ကန့်ကွက်သလို ရှုတ်ချပါတယ်။ အဲလိုလည်း မလုပ်သင့်ပါဘူး။ ကျနော်တို့ ဒီမှာရှိနေတဲ့ ရိုဟင်ဂျာတွေကိုလည်း ကိုယ်စားမပြုဘူးလို့ ပြောချင်ပါတယ်။ သူတို့က ကျနော်တို့ ရိုဟင်ဂျာတွေ အတွက်ပါဆိုပြီး ခေါင်းစဉ်တပ်တော့ တကမ္ဘာလုံးမှာ အဲလို စံနှုန်းတွေ တင်ပြီးတော့မှ ပိုက်ဆံလာရှာတာပဲ ရှိပါတယ်။ အခုချိန်ထိ ကျနော်တို့အတွက် လုပ်ပေးနေတာ ဘာမှမရှိပါဘူး။”
တဖက်မှာလည်း မောင်တောခရိုင်ကို ULA/AA အုပ်ချုပ်ခဲ့ပြီးနောက် ဒေသတွင်း အခြေအနေတွေဟာ သိသိသာသာ တည်ငြိမ်အေးချမ်းလာပြီး ဒေသခံ ရိုဟင်ဂျာတွေဟာ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ ခရီးသွားလာရေး ကိစ္စရပ်တွေမှာ ပိုပြီး တိုးတက်ကောင်းမွန်လာတယ်လို့ ရိုဟင်ဂျာရေးရာကောင်စီရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒါ့အပြင် ရိုဟင်ဂျာတွေအနေနဲ့ ULA/AA ရဲ့ သက်ဆိုင်ရာ ဌာနဆိုင်ရာ ရုံးတွေမှာ အမှုထမ်းခွင့် ရရှိလာပြီး ဘာသာရေး၊ ရိုးရာဓလေ့ ကိစ္စရပ်တွေကို ညှိနှိုင်းဖြေရှင်းဖို့ ရိုဟင်ဂျာအကြီးအကဲတွေနဲ့ (ဂျူရီအဖွဲ့) ကို ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။
ဒါဟာ ဒေသတွင်း ရခိုင်နဲ့ ရိုဟင်ဂျာတွေအကြား လူမှုသဟဇာတဖြစ်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲရေးကို အထောက်အကူပြုပြီး အာရက္ခတပ်တော် (AA) ရဲ့ ခုလိုလုပ်ရပ်အပေါ် ကြိုဆိုပါတယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
ဒါပေမဲ့ ခုလို လူမှုသဟဇာတ ဖြစ်နေတဲ့အချိန်မှာ ARSA နဲ့ RSO အကြမ်းဖက်အဖွဲ့တွေဟာ ပြည်သူတွေကို ပစ်မှတ်ထားပြီး ရခိုင်နဲ့ ရိုဟင်ဂျာတွေကြား ယုံကြည်မှုပျက်ပြားလာအောင်၊ ကြောက်ရွံ့စိတ်တွေနဲ့ ဆက်ဆံရေးတင်းမာလာအောင်၊ လူမျိုးနှစ်မျိုးကြား ပြဿနာဖြစ်လာအောင် ဖန်တီးလုပ်ဆောင်နေတာသာ ဖြစ်တယ်လို့ ရိုဟင်ဂျာရေးရာကောင်စီရုံးရဲ့ ဥက္ကဋ္ဌ ဦးတင်အောင်က ပြောပါတယ်။
“ARSA ဆိုတဲ့ အကြမ်းဖက်သမားတွေကို ဒီက ပြည်သူတွေ လက်မခံပါ။ ကျနော်တို့ ဒါကို အာရက္ခတပ်တော်က ဖိအားပေးလို့ ထုတ်ပြန်ချက်တွေ ထုတ်နေရတာလည်း မဟုတ်ပါဘူး။ ကျနော်တို့ ကော်မတီက လူတွေ ကိုယ်တိုင်က ARSA လို အကြမ်းဖက်မှုတွေ လုပ်နေတာကို လုံးဝလက်မခံတာပါ။ သူတို့က ပြည်သူတွေကို သတ်နေတာပါ။ တဖက်နည်းနဲ့ပြောရမယ်ဆိုရင် ရခိုင်နဲ့ ရိုဟင်ဂျာတွေကို ပြသာနာဖြစ်အောင် ဖန်တီးတဲ့ပုံစံမျိုးပါ။ အဲဒါကို ကျနော်တို့ ဒီကသူတွေအားလုံး လက်မခံပါ။ စစ်ကောင်စီနဲ့ ARSA နဲ့ပေါင်းပြီးတော့ ဒီလိုမျိုး လုပ်ရပ်လုပ်တယ်ဆိုတာ တိုက်ပွဲဖန်တီးတာပါ။ ဒါကို အသိအမှတ်မပြုသလို လက်လည်း လက်မခံပါဘူး။ သူတို့က စီးပွားရေးလုပ်တဲ့ပုံစံမျိုးလို့ ထင်ပါတယ်။ ဒါက ကျနော်တို့ လူမျိုးအတွက်လည်း လုပ်တာမဟုတ်ပါဘူး။”
အာဏာမသိမ်းခင်က စစ်တပ်စခန်းတွေကို တိုက်ခိုက်ခဲ့တဲ့ ရိုဟင်ဂျာလက်နက်ကိုင်တပ်တွေဖြစ်တဲ့ ARSA နဲ့ RSO တို့ဟာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်နဲ့ ပူးပေါင်းပြီး အာရက္ခတပ်တော် AA ကို တိုက်ခိုက်ခဲ့ကြပါသေးတယ်။
ဒါ့အပြင် အဲဒီလက်နက်ကိုင်တပ်ဖွဲ့တွေဟာ နပ်စပ်ဒေသမှာ သွားလာနေကြတဲ့ ပြည်သူတွေကို သတ်ဖြတ်တာတွေလည်း လုပ်နေတာဖြစ်ပါတယ်။
ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောခရိုင်အတွင်းရှိ ရိုဟင်ဂျာလက်နက်ကိုင် တပ်ဖွဲ့တွေဖြစ်ကြတဲ့ ARSA နဲ့ RSO တို့ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် ၂၀၂၅ ခုနှစ်အတွင်းမှာ သေဆုံးသူ ၂၁ ယောက်ထက်မနည်းရှိလာခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း အများအပြားရှိခဲ့ပါတယ်။
ကေခိုင်


