
တရုတ်ရဲ့ အကူအညီနဲ့ စစ်ကောင်စီ ပြန်လည်ရယူထားတဲ့ လားရှိုးမှာ ဖေဖော်ဝါရီ ၇ ရက် ဒီမနက် ၇ နာရီခွဲကျော်က ရှော့တိုက်ဒုံးပစ်ခတ်ခံရပြီး နေအိမ်တလုံး ထိမှန်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လားရှိုးဒေသခံ အမျိုးသားတယောက်က “နေအိမ် တလုံး ထိတယ်။ လူမထိဘူး” လို့ ပြောပါတယ်။
ရှော့တိုက်ဒုံးဟာ ရပ်ကွက် ၁၁၊ နယ်မြေ ၉ ဘက်ကိုကျရောက်ခဲ့ပြီး မပေါက်ကွဲဘဲ အိမ်ပေါ်ကနေ အခန်းနံရံကို ဖောက်ဝင်သွားတယ်လို့ သူက ပြောပါတယ်။
ဒေသခံလူငယ်တယောက်က “နှစ်လုံးပစ်တာ။ တလုံးကွဲတယ်လို့ သိရတယ်။ ဘယ်အဖွဲ့ ပစ်တာလဲတော့ မသိဘူး။ ဆင်တောင်ဘက်ကနေပစ်တယ်လို့ သတင်းထွက်နေတယ်” လို့ ပြောပါတယ်။
ဆင်တောင် အနီးဝန်းကျင်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ကပဲ နေရာယူထားတယ်လို့ သူက ပြောပါတယ်။
စစ်ကောင်စီနဲ့ MNDAA တပ်ဖွဲ့တို့အကြား ဝေစားမျှစား အဆင်မပြေလို့ စစ်ကောင်စီဘက်က ကိုယ့်ဘာသာပစ်ပြီး ရန််ရှာနေတာလို့ ယူဆရပြီး စစ်ကောင်စီနဲ့ MNDAA တို့အကြား အခြေအနေ တင်းမာလာမယ့် သဘောလည်းရှိနေတယ်လို့ သူက ပြောပါတယ်။
PDF တပ်ဖွဲ့ဝင်တယောက်ကလည်း လားရှိုးနဲ့ အနီးဝန်းကျင်မှာ ဒေသခံ PDF တွေ မရှိသလို ကျောက်မဲ အထူးတိုက်ခိုက်ရေးအဖွဲ့လည်း ရှမ်းမြောက်ကနေ တခြားဘက်ရွှေ့ပြောင်းသွားပြီလို့ ပြောပါတယ်။
MNDAA ဘက်ကတော့ ရှော့တိုက်ဒုံး ပစ်တာ မရှိသလောက် ရှားသလို TNLA ဘက်ကလည်း စီးပွားရေး လုပ်လို့ကောင်းနေတုန်းဖြစ်ပြီး KIA ကလည်း လားရှိုးအနီးနားမှာ မရှိဘူးလို့ သူက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ နိုင်ငံရေးထက် အကျိုးစီးပွားရေးကိုပဲ ဦးစားပေးနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့တွေကတော့ မြို့ပေါ်မှာ ရှာဖွေစစ်ဆေးတာမျိုးရှိတယ်လို့ သိရပေမယ့် မြို့ပြင်ဘက်ကို လှုပ်ရှားတာမျိုးမတွေ့ရဘူးလို့ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ စစ်ရေးအခြေအနေကို လေ့လာစောင့်ကြည့်နေသူတယောက်က ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ အရှော့မြောက်ကုန်သွယ်ရာလမ်းကို မရမနေ ပြန်ပေးဖို့ တောင်းဆိုနေတယ်လို့ ကြားသိရကြောင်း ရှမ်းမြောက် ဒေသခံတွေက ပြောပါတယ်။


