
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက် တိုက်ခြောက်လုံးနားက လူငယ်အားကစားကွင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဆိုင်ခန်းဆောက်ဖို့ လုပ်နေတာကြောင့် လူငယ်တွေက ကန့်ကွက်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ပထမအပတ်ထဲမှာ ရပ်ကွက်သူ ရပ်ကွက်သားတွေက လူငယ်အားကစားကွင်းကို ဖျက်ပြီး ဆိုင်ခန်းဆောက်တာကို ကန့်ကွက်ကြောင်း လက်မှတ်ထိုးပြီး စာတင်ကြပေမဲ့ မကြာခင် ဖြိုဖျက်ပြီး ဆိုင်ခန်းအကောင်အထည်ဖော်တော့မယ်လို့ ဆိုပါတယ်။
မြို့ခံတယောက်က “လူငယ်အားကစားသမားတွေက ဝိုင်းကန့်ကွက်တာပါ။ သက်ဆိုင်ရာ လူကြီးများသိအောင် လုပ်ပေးပါဦး။ ပထမက ဆိုင်ခန်း ၁ ခန်းပဲ ဆောက်ပါတယ်။ အခုက ခြင်းကွင်းကိုပါဖျက်ပြီး ဆိုင်ခန်းဆောက်ဖို့ လုပ်ဆောင်နေကြပြီ။ လူငယ်အားကစားကွင်းကို ဖျက်ပြီး ရပ်ကွက်အုပ်ကြီးက ဆိုင်ခန်းဆောက်လုပ်နေပါတယ်” လို့ ပြောပါတယ်။
ဘောလုံးကွင်းတိုက်တန်းနားက ရှိနေပြီးသား ဆိုင်ခန်းတွေကိုတော့ အားကစားကွင်း၊ အားကစားရုံ၊ လူငယ်ရေးရာစင်တာ၊ ရေကူးကန်တွေ ဆောက်မယ်ဆိုပြီး တတိယအကြိမ် ဖယ်ရှားဖို့ အသိပေးတာရှိနေပြီး မဖယ်ရင် အင်အားသုံးဖယ်ရှားမယ်လို့ သိရပါတယ်။
တောင်ကြီးမြို့က နေရာအများစုကို စစ်တပ်လက်အောက်ခံ ရှမ်းပြည်အစိုးရနဲ့ ရပ်ကွက်အုပ်ကြီးတွေက ဆိုင်ခန်းတွေဖျက်ပြီး အားကစားကွင်းဆောက်ဖို့လုပ်တာ၊ ကန်ထရိုက်နဲ့ ပေါင်းပြီး လုပ်စားတာ၊ ရှိနေတဲ့ အားကစားကွင်းကို ဖျက်ပြီး ဆိုင်ခန်းဆောက်တာတွေ လုပ်နေကြတာပဲ ဖြစ်ပါတယ်။


