
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ အားကစားကွင်းနားက ဆိုင်ခန်းတွေ ဖယ်ရှားဖို့ စစ်တပ် လက်အောက်ခံ အစိုးရအဖွဲ့က ဇန်နဝါရီ ၅ ရက်မှာ ထပ်ပြီး ဖိအားပေး စာထုတ်ပြန်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အားကစားကွင်းပတ်လည်မှာ ဆောက်ထားတဲ့ ဆိုင်ခန်း၊ တိုက်ခန်းနေရာတွေမှာ နိုင်ငံတကာ အဆင့်မီ အားကစားကွင်း/အားကစားရုံ၊ ရေကူးကန်၊ လူငယ်ရေးရာစင်တာတွေ ဆောက်ဖို့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃ ရက်မှာ ပထမအကြိမ် အကြောင်းကြားပြီးတဲ့နောက် ဆိုင်ခန်းပိုင်ရှင်တွေက အသနားခံစာ တင်ထားကြသေးတယ်လို့ သိရပါတယ်။
အားကစားကွင်း ပတ်လည်မှာ လွန်ခဲ့တဲ့ နှစ် ၃၀ (၁၉၉၁) လောက်က ဆိုင်ခန်း၊ တိုက်ခန်းတွေမှာပဲ ဈေးရောင်းခွင့်ပြုခဲ့ပြီး ခုလက်ရှိမှာတော့ ဒုတိယအကြိမ် သတိပေးပြီး ဆိုင်ခန်းတွေကို ဆက်မငှားတော့ဘဲ ဖယ်ရှားပေးဖို့ကို စာထပ်ထုတ်လာတယ်လို့ သိရပါတယ်။
မြို့ခံတယောက်က “အိမ်တွေမှာ ဈေးမရောင်းရဘူး။ ဘောလုံးကွင်းက အခန်းတွေမှာပဲ ဆိုင်ဖွင့်ရမယ်လို့ သူတို့ပဲပြော၊ လုပ်ခိုင်းပြီး ခုကျ ပြန်ဖယ်ခိုင်းတယ်။ ဘောလုံးကွင်း တိုက်တန်းက နေရာတွေကို ရေ၊ မီးပါ ဖြတ်ထားပြီ” လို့ ပြောပါတယ်။
ဆိုင်ခန်းတွေ အတင်းအကျပ် ငှားခိုင်းပြီး နှစ် ကာလ ကြာမြင့်လာလို့ အထိုင်ကျလာချိန်မှာ ဆိုင်ခန်း၊ တိုက်တန်းတွေကို ပြန်ဖယ်ရှားခိုင်းတာကြောင့် စီးပွားရေးလုပ်ကိုင်ဖို့ အခက်အခဲတွေလည်း ကြုံနေရတယ်လို့ သိရပါတယ်။
ကျောင်းကြီးစုရပ်ကွက်က ရှမ်းရိုးမတိုက်တန်းနဲ့ တပ်ပိုင်မြေပေါ်မှာ ဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေ ဆိုင်ခန်းတွေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ်တွေမှာ ဘူဒိုဇာနဲ့ထိုးပြီး ရှင်းလင်းပစ်တာတွေလည်း ရှိခဲ့ပါတယ်။


