
ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်က ပင်လယ်ကျားဖောင်လုပ်ငန်းရှင်တွေဆီကနေ စစ်တပ်နဲ့ ရဲက ကင်းကြေးငွေ အများအပြားတောင်းယူနေတာကြောင့် ကျားဖောင်လုပ်ငန်းရှင်တွေ အခက်တွေ့နေတယ်လို့ သိရပါတယ်။
စစ်တပ်နဲ့ရဲတွေဟာ အခုနှစ် ဇန်နဝါရီလကစလို့ ကင်းကြေးလို့ခေါင်းစဉ်တပ်ပြီး ကျားဖောင်လုပ်ငန်းရှင်တယောက်စီဆီကနေ ကျပ် ၁၀ သိန်းအထိ ၁၀ ရက်ကိုတကြိမ် တောင်းယူနေတာလို့ ဆိုပါတယ်။
ကျားဖောင်းလုပ်ငန်းရှင်တယောက်က “တောင်းတဲ့ငွေမပေးရင် ဆက်လုပ်ခွင့်တာဝန်မယူဘူးပေါ့ ပြောတာ။ ၃ ကြိမ်အထိပေးထားရပြီ။ လိုင်းကြေးသဘောမျိုး ၁၀ ရက်တခါတောင်းတာ။ သူတို့က ပြဿနာအမျိုးမျိုးရှာနေတော့ ပေးရတာပဲ။ အလုပ်လုပ်ရတာ အကျိုးအမြတ် အရမ်းနည်းပါးလာတယ်” လို့ ပြောပါတယ်။
ဒါကြောင့် တချို့ကျားဖောင်လုပ်ငန်းရှင်တွေဟာ လုပ်သားလျှော့လုပ်တာ၊ နေ့စားနဲ့ပဲငှားရမ်း လုပ်ကိုင်တာ ဆက်မလုပ်တော့ဘဲ ရပ်ပစ်တာမျိုးတွေရှိလာတယ်လို့ သိရပါတယ်။
နောက်ထပ် ကျားဖောင်လုပ်ငန်းရှင်တယောက်က “တောင်းတဲ့ငွေအတိုင်းမပေးရင် စက်လှေတွေနဲ့ လုပ်ငန်းခွင်အထိ လာခြိမ်းခြောက်တာတွေရှိတယ်။ အရက်မူးနေတဲ့ စစ်ကော်မရှင်တပ်နဲ့ရဲက ငွေမပေးရင် သေနတ်နဲ့ချိန်ပြီးပစ် သတ်လိုက်လို့ရတယ်။ ပင်လယ်စာကျွေးလိုက်မယ်လို့ ခြိမ်းခြောက်တာ။ တချို့ရေလုပ်သားတွေဆို သူတို့တပ် လာလာစစ်လို့ ကြောက်ပြီး အလုပ် ထွက်ကုန်တာရှိတယ်” လို့ပြောပါတယ်။
ကျားဖောင်လုပ်ငန်းရှင်တွေအနေနဲ့ အရင်ကလည်း ငွေကြေးပေးရတာရှိပေမဲ့ ငါးဖမ်းတရာသီစာအတွက် ကျပ် ၅ သိန်းကနေ ၅ သိန်းခွဲအထိပဲ ပေးရတာလို့ သိရပါတယ်။
အရင်က ကျားဖောင်လုပ်ငန်းရှင်တယောက်အနေနဲ့ ကျားဖောင် ၃ ဖောင် ကနေ ၅ ဖောင်အထိ လုပ်ကိုင်ကြတာဖြစ်ပြီး လက်ရှိမှာတော့ စစ်တပ်ကို ငွေအဆမတန်ပေးရတာ၊ လုပ်သားခဈေး တက်လာတာနဲ့ တခြား အထွေထွေကုန်ကျစရိတ်တွေများ ပြားနေတာကြောင့် လျှော့လုပ်ဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။


