Home
နိုင်ငံတကာ
မော်ရိုကို ရေကြီးမှုကြောင့် လူဦးရေ ၁၄၀, ၀၀၀ ကျော် ဘေးလွတ်ရာ ရွှေ့ပြောင်း
DVB
·
February 7, 2026
Photo :Reuters

မော်ရိုကိုနိုင်ငံမှာ သီတင်းပတ်ပေါင်းများစွာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နိုင်ငံအနောက်မြောက်ပိုင်း လွင်ပြင်ဒေသတွေမှာ ဆိုးရွားပြင်းထန်တဲ့ ရေလွှမ်းမိုးမှုတွေ ကြုံတွေ့နေရပြီး၊ ဒေသခံ ၁၄၃,၀၀၀ ကျော်ကို အရေးပေါ် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၅ ရက်မှာ  ထုတ်ပြန်လိုက်ပါတယ်။

မော်ရိုကိုရဲ့ တော်ဝင် အရန်ရဲတပ်ဖွဲ့ဟာ ဖေဖော်ဝါရီ ၄ ရက်က လာရက်ရှ်ပြည်နယ်အတွင်းရှိ အူးလာ့ဒ် အူးရှိချ်ကျေးရွာနဲ့ လာဟရယ်ရ်ဆာ ချမ်မာခါ့ ကျေးရွာတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ အသည်းအသန် လုပ်နေရတာကို ဗီဒီယို ထုတ်ပြန်ထားပါတယ်။

အဆိုးရွားဆုံး ရေလွှမ်းမိုးမှု ကြုံတွေ့နေရတဲ့ ဆားအလ်ကဘီးယား မြို့မှာ မြို့လူဦးရေရဲ့ ၈၅  ရာခိုင်နှုန်းလောက် မြို့ကို စွန့်ခွာရွှေ့ပြောင်းသွားကြပြီဖြစ်ပြီး ရပ်ကွက်အတော်များများ ရေအောက်ရောက်ရှိနေတာကို တော်ဝင် အရန်ရဲတပ်ဖွဲ့ရဲ့ ဒရုန်းမှတ်တမ်းတွေအရ သိရပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မြစ်ချောင်းတွေ လျှံတက်ခြင်းနဲ့ ရေပြည့်ဆည်တွေမှ ရေပိုဖောက်ချ ထုတ်လွှတ်ခြင်းတွေကြောင့် ရေဘေးအန္တရာယ် ပိုတိုးလာနေပြီး အာဏာပိုင်တွေဟာ လာရက်ရှ် ပြည်နယ် အတွင်းရှိ ကျေးရွာတွေနဲ့ လိုကို့စ် မြစ်ကမ်းဘေးရှိ ဒေသခံတွေကိုလည်း ဘေးလွတ်ရာ အမြန်ဆုံးရွှေ့ပြောင်းဖို့ အမိန့်ထုတ်ပြန်ခဲ့ရပါတယ်။ 

အခုနှစ် မော်ရိုကိုနိုင်ငံရဲ့ မိုးရွာသွန်းမှုနှုန်းမှာ အရင်နှစ်ထက် ၂၁၅  ရာခိုင်နှုန်းအထိ မြင့်တက်နေပြီး သမိုင်းတလျှောက် ပျမ်းမျှမိုးရေချိန်ထက် ၅၄  ရာခိုင်နှုန်း ပိုများပြားနေတာပါ။

လက်ရှိမှာ ဝဒ်မက်ခ်ဟာဇီးန် ရေကာတာမှာ သူ့ရဲ့ သိုလှောင်နိုင်စွမ်းထက် ၁၄၆  ရာခိုင်နှုန်းအထိ ရေဝင်ရောက်နေတာကြောင့် ရေကာတာအတွင်းမှ ရေတွေကို အောက်ပိုင်းဒေသတွေဆီ ထပ်ပြီးဖောက်ချရနိုင်တဲ့ အခြေအနေအပေါ် အထူးစိုးရိမ်နေရကြောင်း ရေအရင်းအမြစ်ဝန်ကြီးဌာနက ဆိုပါတယ်။

ရေဘေးရွှေ့ပြောင်းလာရတဲ့ ဒုက္ခသည်တွေကို ကယ်ဆယ်ရေးစခန်းတွေမှာ နေရာချထားပေးပြီး အစားအစာနဲ့ အကူအညီတွေ ထောက်ပံ့ပေးနေကြောင်း နိုင်ငံပိုင်ရုပ်သံဌာနက သတင်းထုတ်ပြန်ထားပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013