
အာဖရိကဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ မော်ရိုကို ဘောလုံးတာဝန်ရှိသူတွေနဲ့ အချင်းများခဲ့တဲ့ ကင်မရွန်းဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အီတိုးကို ပွဲပယ်နဲ့ ဒဏ်ကြေး ချမှတ်လိုက်ပါတယ်။
ကင်မရွန်းအသင်းဟာ အာဖရိကဖလား ကွာတားဖိုင်နယ်မှာ အိမ်ရှင်မော်ရိုကိုအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခဲ့ရတာပါ။
အဲဒီပွဲစဉ်အတွင်းက ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေအပေါ် မကျေမနပ်ဖြစ်ခဲ့တဲ့ အီတိုးဟာ ပွဲကြည့်စင်မှာ အတူတူထိုင်နေတဲ့ မော်ရိုကိုဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတွေကို စက္ကန့် ၃၀ ကြာ လက်ဟန်ခြေဟန်နဲ့ ဒေါသတကြီး ပြောဆိုနေခဲ့တာပါ။
အဆိုပါအပြုအမူဟာ အားကစားစိတ်ဓာတ်ဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ကြောင်း အာဖရိက ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ပြီး ၄ ပွဲပယ်ပြစ်ဒဏ်နဲ့ ပေါင် ၁၅,၀၀၀ ဒဏ်ကြေးပေးဆောင်ဖို့ ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။
ဘာစီလိုနာနဲ့ အင်တာမီလန်အသင်းတွေမှာ ကစားခဲ့တဲ့ နာမည်ကျော် တိုက်စစ်မှူးဟောင်း အီတိုးဟာ ပြီးခဲ့တဲ့ ၄ နှစ်လောက်ကတည်းက ကင်မရွန်းဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေတာပါ။
အာဖရိကဖလားမတိုင်ခင် အသင်းနည်းပြချုပ် မာ့ဘရိုင်းစ်ကို ရာထူးကနေထုတ်ပယ်ပြီး ဒေးဗစ်ပတ်ဂိုကို ခန့်အပ်ခဲ့သူ ဖြစ်ပါတယ်။


