
ဂါဘွန်အသင်းဟာ အာဖရိကဖလားပြိုင်ပွဲမှာ ၃ ပွဲစလုံး ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းနည်းပြအဖွဲ့ အပါအဝင် အသင်းခေါင်းဆောင် အူဘာမီယန်းကိုပါ ထုတ်ပယ်ခဲ့ပါတယ်။
ဒီဇင်ဘာ ၂၁ ရက်က ကစားခဲ့တဲ့ အိုင်ဗရီကို့စ်နဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဂါဘွန်အသင်းက ၂ ဂိုး အရင်သွင်းခဲ့ပေမဲ့ ၃ ဂိုးဆက်တိုက် ပြန်ပေးခဲ့ရပြီးနောက် အုပ်စုကနေ ထွက်ခွါခဲ့ရတာပါ။
အာဖရိကဖလားမှာ အရှက်ရစရာ ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြအဖွဲ့အားလုံးကို ထုတ်ပယ်ဖို့ အစိုးရပိုင်းက ဆုံးဖြတ်ခဲ့ပြီး တိုက်စစ်ပိုင်းက အူဘာမီယန်းနဲ့ မန်ဂါ တို့ကိုလည်း ထုတ်ပယ်ကြောင်း ဂါဘွန်အားကစားဝန်ကြီးက ထုတ်ပြန်ကြေညာခဲ့တာပါ။
ဒါ့အပြင် နောက်ထပ် ကြေညာချက် မထုတ်ပြန်သေးချိန်အထိ ဂါဘွန်အသင်းကိုလည်း ပြိုင်ပွဲတွေဝင်ပြိုင်ခွင့် ပိတ်ပင်ကြောင်းလည်း ကြေညာခဲ့တာပါ။
အာဆင်နယ်နဲ့ ချဲလ်ဆီးတိုက်စစ်မှူးဟောင်း အူဘာမီယန်းဟာ ဒဏ်ရာကြောင့် အုပ်စုနောက်ဆုံးပွဲမှာ မပါဝင်ခဲ့ပါဘူး။
အသင်းရဲ့ပြဿနာက တဦးတယောက်ချင်းကို အရေးယူတာထက် ပိုပြီးနက်နဲကြောင်း အူဘာမီယန်းက မှတ်ချက်ပေးသွားပါတယ်။


