
နိုင်ဂျီးရီးယားနိုင်ငံ၊ ကွဲရက်ပြည်နယ်မှာ သေနတ်သမားတွေရဲ့ သတ်ဖြတ်မှုကြောင့် လူ ၁၇၀ သေဆုံးခဲ့ပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံ အနောက်ပိုင်းမှာရှိတဲ့ ရွာကို သေနတ်သမားတွေ ဝင်ရောက်ခဲ့တာဖြစ်ပြီး လူပေါင်း ၁၇၀ ထက်မနည်း သတ်ခဲ့ကာ အမျိုးသမီးနဲ့ ကလေးဒါဇင်နဲ့ချီပြီး ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်လို့ ဒီဒေသမှာ သေဆုံးမှုအများဆုံး တိုက်ခိုက်မှုတခုလည်း ဖြစ်ပါတယ်။
သေဆုံးသူ ရုပ်အလောင်းတွေကို ကားပေါ်တင်ပြီး ကျင်းအကြီးကြီးထဲမှာ သဲတွေ၊ သစ်ရွက်တွေ ဖုံးပြီး စုပေါင်းသင်္ဂြိုဟ်ခဲ့ကြတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
အင်္ဂါနေ့ ညနေပိုင်းအထိ သေဆုံးသူတွေ ဘယ်သူဘယ်ဝါဖြစ်တယ် ဆိုတာကို ရေတွက်ဖို့ ခက်ခဲခဲ့ပါတယ်။
ဒေသအာဏာပိုင်တွေက သေဆုံးသူဟာ ၇၅ ယောက်ရှိတယ်လို့ အတည်ပြုထားပေမဲ့ ကြက်ခြေနီအသင်းရဲ့ ဗုဒ္ဓဟူးနေ့ ညနေပိုင်း ထုတ်ပြန်ချက်မှာ သေဆုံးသူ ၁၆၂ ယောက်အထိ ရှိတယ်လို့ သိရပါတယ်။
အကြမ်းဖက်သူတွေဟာ ဘာသာရေးအစွန်းရောက်သူတွေဖြစ်ပြီး ဒီရွာမှာ ကာလရှည် ဟောပြောမှုတွေ ပြုလုပ်ခဲ့သူတွေလို့ ဒေသခံတွေက ပြောပါတယ်။ သူတို့က နိုင်ဂျီးရီးယားအစိုးရအမိန့်ကို မလိုက်နာဖို့ တွန်းအားပေးနေတယ်လို့လည်း ဆိုပါတယ်။
နိုင်ဂျီးရီးယားသမ္မတက အဲဒီဒေသကို တပ်ဖွဲ့တဖွဲ့ စေလွှတ်ထားတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံမှာ ခရစ္စယာန်ဘာသာဝင်တွေကို တိုက်ခိုက်မှုနေတယ်လို့ အမေရိကန် သမ္မတက ပြောဆိုခဲ့ဖူးပြီး နိုင်ဂျီးရီးယားအစိုးရကတော့ တခြားဘာသာဝင်တွေလည်း အဲလို အဖြစ်အပျက်မျိုးနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောခဲ့ဖူးပါတယ်။
Source: Reuters


