
ကမ္ဘာလုံးဆိုင်ရာ အကူအညီပေးရေး ဘတ်ဂျက်တွေ ဖြတ်တောက်ခံခဲ့ရအပြီး အခုနှစ်အတွင်း နိုင်ဂျီးရီးယား နိုင်ငံသား ၃၅ သန်းနီးပါး ငတ်မွတ်ခေါင်းပါးမှုဘေးနဲ့ ရင်ဆိုင်ရနိုင်ပြီး အဒီထဲမှာ ပြင်းထန်တဲ့ အာဟာရချို့တဲ့မှု ခံစားနေရတဲ့ ကလေးငယ် ၃ သန်း ပါဝင်နေတယ်လို့ ကုလသမဂ္ဂက ဇန်နဝါရီ ၂၂ ရက်မှာ ထုတ်ပြန် ပါတယ်။
မြို့တော်အဘူဂျာမှာ ပြုလုပ်တဲ့ ၂၀၂၆ ခုနှစ် လူသားချင်းစာနာထောက်ထားမှု အစီအစဉ်မှာ ကုလသမဂ္ဂ ဌာနေနဲ့ လူသားချင်းစာနာထောက်ထားမှု ညှိနှိုင်းရေးမှူး မိုဟာမက် မာလစ်ခ်ဖောလ်က နိုင်ဂျီးရီးယားမှာ ကာလကြာရှည်လုပ်ဆောင်လာတဲ့ နိုင်ငံရပ်ခြားကို အဓိကမှီခိုနေရတဲ့ အကူအညီပေးရေးပုံစံဟာ ရေရှည်တည်တံ့နိုင်တော့မှာမဟုတ်ကြောင်းနဲ့ နိုင်ဂျီးရီးယားရဲ့ လိုအပ်ချက်တွေကလည်း ပိုပြီးမြင့်တက်လာနေကြောင်း ပြောပါတယ်။
နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းက ဘော်နို၊ အာဒါမာဝါနဲ့ ယိုဘေးပြည်နယ်တို့မှာ အကြမ်းဖက်မှုတွေ မြင့်တက်နေပြီး ၂၀၂၅ ခုနှစ် ပထမ ၈ လအတွင်းမှာပဲ အသေခံဗုံးခွဲမှုနဲ့ အစုလိုက်အပြုံလိုက် တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၄,၀၀၀ ကျော် သေဆုံးခဲ့ရကြောင်းလည်း ဆိုပါတယ်။
အခုနှစ်မှာ ကုလသမဂ္ဂအနေနဲ့ လူပေါင်း ၂သန်းခွဲ အတွက်ပဲ အသက်ကယ်ဆယ်ရေး အကူအညီတွေ ပေးနိုင်မယ်လို့ မှန်းထားပြီး ဒီပမာဏဟာ ၂၀၂၅ ခုနှစ်က လူဦးရေ ၃ ဒသမ ၆ သန်းကို ကူညီနိုင်ခဲ့တာထက် အများကြီးလျော့ကျသွားတာပါ။
ဒီအရေအတွက်တွေဟာ ကိန်းဂဏန်းတွေသက်သက် မဟုတ်ဘဲ လူသားတွေရဲ့ အသက်တွေ၊ အနာဂတ်တွေနဲ့ နိုင်ဂျီးရီးယား နိုင်ငံသားတွေကို ကိုယ်စားပြုနေတာပါ လို့ ကုလညှိနှိုင်းရေးမှူး ဖောလ် က ပြောပါတယ်။
ရရှိနိုင်တဲ့ ရန်ပုံငွေပမာဏလျော့ကျသွားတဲ့အတွက် ကုလသမဂ္ဂဟာ မဖြစ်မနေ အသက်ကယ်ဆယ်ရမယ့်ကိစ္စတွေကို ကူညီထောက်ပံ့ဖို့ကို အဓိကထား လုပ်ဆောင်ဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိတော့ဘူးလို့လည်း ဆိုပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ဟာ ရန်ပုံငွေ မလုံလောက်မှုကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလကစပြီး ကလေးငယ် ၃ သိန်းကျော်အတွက် အကူအညီတွေကို ဖြတ်တောက်ခဲ့ရပါတယ်။
ဒါပေမဲ့ နိုင်ဂျီးရီးယားအစိုးရဟာ ရေဘေးကြိုတင်ကာကွယ်ရေးနဲ့ အစားအစာထောက်ပံ့ရေး လုပ်ငန်းတွေမှာ ကိုယ်တိုင်ဦးဆောင်ပါဝင်လာမှုတွေဟာ အလားအလာကောင်းတခုလို့ ဖောလ်က ပြောပါတယ်။
Source: Reuters


