
နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ ဒိုမာကျေးရွာကို လက်နက်ကိုင်အဖွဲ့က တိုက်ခိုက်ခဲ့ရာမှာ အနည်းဆုံး လူ ၂၅ ယောက် သေဆုံးခဲ့ပါတယ်။
ဒါဟာ ကျေးရွာကို ဝင်မတိုက်ခိုက်ဖို့ အဲဒီဓားပြအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် လုပ်ထားတဲ့ကြားကပဲ တိုက်ခိုက်ခံရတာဖြစ်တယ်လို့ ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၄ ရက်မှာ ပြောပါတယ်။
ဖေဖော်ဝါရီ ၃ ရက် ည ၁၁ နာရီဝန်းကျင်မှာ သေနတ်ကိုင်ဆောင်ထားတဲ့ လူဆိုးဓားပြတွေဟာ ကတ်ဆီနာပြည်နယ်၊ ဒိုမာကျေးရွာထဲကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး တိုက်ခိုက်သူတွေဟာ ရွာထဲမှာ တအိမ်တက်ဆင်း ဝင်ရောက်ခဲ့သလို လယ်ကွင်းထဲက လူတွေကိုပါ ဖမ်းဆီးကာ လက်ပြန်ကြိုးတုပ်ကာ ပစ်သတ်ခဲ့ကြတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
သေဆုံးသူတွေကို စစ်တပ်ရဲ့ အကူအညီနဲ့ သယ်ဆောင်ပြီး ဗုဒ္ဓဟူးနေ့မှာ မိသားစုဝင်တွေဟာ ကျေးရွာအတွင်းမှာ အသစ်တူးထားတဲ့ သင်္ချိုင်းတွေမှာ စုဝေး သင်္ဂြိုဟ်ခဲ့ပါတယ်။
သားဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ မိခင်ဖြစ်သူ ရာမာတူ မူဟာမက်က “သူတို့ဟာ အိမ်ထဲကို အတင်းဝင်လာပြီး သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ကြတာပါ။ ကျမသားက အသနားခံပေမဲ့ သူတို့က ဘယ်ယောက်ျားတွေကိုမှ အလွတ်မပေးဘူးလို့ ပြောပြီး သတ်ပစ်လိုက်ကြတာ။ သားရဲ့ အလောင်းကိုပဲ မြင်ခဲ့ရပါတယ်” လို့ ပြောပါတယ်။
နောက်ထပ်ဒေသခံတယောက်ဖြစ်တဲ့ ရှဲဟူး အဒါမူက “နောက်တော့ စစ်သားတွေ ရောက်လာပြီးတော့ တိုဖိုကီဒေသ အုပ်ချုပ်ရေးရုံးကို အလောင်းတွေ ပို့ဆောင်ခဲ့ပါတယ်။ တာဝန်ရှိသူတယောက် ရောက်လာပြီး မကြာခင်မှာပဲ သင်္ဂြိုဟ်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဒေသခံအာဏာပိုင်တွေရဲ့ အဆိုအရ ဒီတိုက်ခိုက်မှုဟာ လွန်ခဲ့တဲ့ ၅ လလောက်က ကျေးရွာနဲ့ လက်နက်ကိုင်အဖွဲ့အကြား တိုက်ခိုက်မှုမလုပ်ဖို့ အလွတ်သဘော သဘောတူညီမှု ရယူထားတာပါ။
နိုင်ဂျီးရီးယား အနောက်မြောက်ပိုင်းမှာ ဒေသခံတွေက ငွေကြေး ဒါမှမဟုတ် စားနပ်ရိက္ခာပေးပြီး လက်နက်ကိုင်တွေဆီကနေ အကာအကွယ် ရယူလေ့ ရှိကြပေမဲ့ မကြာခဏဆိုသလို အခုလို သဘောတူညီချက် ပျက်ပြားပြီး ပြန်လည်တိုက်ခိုက်ခံရတာမျိုးတွေ ဖြစ်ပွားလေ့ရှိပါတယ်။
နိုင်ဂျီးရီးယား ကာကွယ်ရေးဝန်ကြီးကတော့ လက်နက်ကိုင်အဖွဲ့တွေကို ယုံကြည်လို့မရတာကြောင့် သူတို့နဲ့ ညှိနှိုင်းတာမျိုး မလုပ်ဖို့ ပြည်နယ်အစိုးရတွေကို အကြိမ်ကြိမ် သတိပေးထားပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။
အရင်သမ္မတဟောင်း မူဟာမာဒူ ဘူဟာရီရဲ့ မွေးရာဇာတိဖြစ်တဲ့ ကတ်စီနာပြည်နယ်မှာတော့ မကြာသေးခင်နှစ်များအတွင်း လက်နက်ကိုင် တိုက်ခိုက်မှုတွေ တိုးလာနေပါတယ်။
Source: Reuters


