
မိခင်ကလပ် အယ်လ်နာဆာအတွက် ပွဲကစားဖို့ ငြင်းဆန်ခဲ့တဲ့ စီရော်နယ်ဒိုကို ဆော်ဒီပရိုလိဂ် တာဝန်ရှိသူတွေက သတိပေးစာ ထုတ်ပြန်သွားပါတယ်။
စီရော်နယ်ဒိုဟာ အသင်းရဲ့ လူအင်အားဖြည့်တင်းမှုတွေအပေါ် အားမလိုအားမရ ဖြစ်နေချိန်မှာ အဓိကပြိုင်ဘက် အယ်လ်ဟီလာအသင်းက အယ်လ်အစ်တီဟတ်တိုက်စစ်မှူး ဘင်ဇီမာကို ခေါ်ယူလိုက်တာက အဓိကအကြောင်းအရင်း ဖြစ်တယ်လို့ ပေါ်တူဂီသတင်းတွေမှာ ဖော်ပြကြပါတယ်။
ဘင်ဇီမာဟာ အယ်လ်ဟီလာနဲ့ ပွဲဦးထွက်မှာပဲ ဟတ်ထရစ် ၃ ဂိုး သွင်းခဲ့ပါတယ်။
စီရော်နယ်ဒိုဟာ ဆော်ဒီလိဂ်ဆီ ရောက်ရှိလာကတည်းက အကောင်းဆုံးစွမ်းဆောင်ရည် ပြသနိုင်ခဲ့သူဖြစ်ပြီး သူဟာ တခြားပြိုင်ဘက် ကစားသမားတွေလိုပဲ ဆုဖလားတွေ ရယူလိုသူ ဖြစ်ကြောင်း ဆော်ဒီလိဂ် ပြောရေးဆိုခွင့်ရှိသူတယောက်က ပြောပါတယ်။
ဒီလိုဆုဖလားအတွက် ပြိုင်ဆိုင်ရာမှာ အသင်းရဲ့ ဆုံးဖြတ်ချက်တွေထက် ကျော်လွန်ပြီး ကစားသမားတယောက်ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ဆုံးဖြတ်ခွင့်ရှိမှာ မဟုတ်ကြောင်း၊ ကလပ်အသင်းတိုင်းမှာ သူ့တာဝန်နဲ့သူ ရှိပြီးသားဖြစ်သလို ဘဏ္ဍာရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေဟာလည်း သတ်မှတ်စည်းမျဉ်းအတိုင်း လုပ်ဆောင်ရတာဖြစ်ကြောင်း ဆော်ဒီပရိုလိဂ်ဘက်က ရှင်းလင်းသွားပါတယ်။


