
နောက်ခံလူ ရိုမဲရိုးကို အသင်းခေါင်းဆောင်ရာထူးကနေ ရုပ်သိမ်းဖို့မရှိကြောင်း စပါးအသင်းနည်းပြ သောမက်စ်ဖရန့်ခ်က ပြောသွားပါတယ်။
အသက် ၂၇ နှစ်ရှိ အာဂျင်တီးနားနောက်ခံလူဟာ အသင်းလူစာရင်းမှာ စီနီယာကစားသမား ၁၁ ယောက်သာ ကျန်ရှိတော့တဲ့အပေါ် ရှက်ဖွယ်ရာဖြစ်ကြောင်း ဆိုရှယ်မီဒီယာကနေ ရေးသားခဲ့တာပါ။
စပါအသင်းဟာ ဒဏ်ရာနဲ့ ပွဲပယ်ပြဿနာတွေကြောင့် မန်စီးတီးအသင်းနဲ့ တဂိုးစီသရေကျခဲ့တဲ့ ပွဲစဉ်မှာ အမာခံကစားသမား ၁၁ ယောက်လောက်ပဲ ရှိခဲ့တာပါ။
အသက် ၅၇ နှစ်ရှိပြီဖြစ်တဲ့ မိမိတောင် တပတ်ကို တကြိမ်လောက် အမှားလုပ်မိကြောင်း၊ အသက် ၂၇ နှစ်ပဲရှိသေးတဲ့ ရိုမဲရိုးဟာလည်း အသင်းခေါင်းဆောင်တယောက် အနေနဲ့ ရှေ့ဆက် အမှားတွေ လုပ်ဆောင်နိုင်သေးကြောင်းနဲ့ ကောင်းမွန်တဲ့အရာတွေ အများကြီးလည်း လုပ်ဆောင်နေသူ ဖြစ်ကြောင်း နည်းပြဖရန့်ခ်က ပြောပါတယ်။
ရိုမဲရိုးဟာ အသင်းရဲ့ခေါင်းဆောင်ဖြစ်သလို စာချုပ်သက်တမ်း အများကြီးကျန်သေးတဲ့ ကစားသမားလည်းဖြစ်ပြီး အသင်းကနေ ထွက်ခွာစရာ မရှိကြောင်းလည်း နည်းပြ သောမက်စ်ဖရန့်ခ်က ပြောသွားပါတယ်။


