
စစ်ခေါင်းဆောင်ကို ရန်ကုန်တက္ကသိုလ်ကနေ ဂုဏ်ထူးဆောင်ဘွဲ့ပေးလိုက်တဲ့အပေါ် ဂုဏ်သိက္ခာကင်းမဲ့တဲ့ လုပ်ရပ်အဖြစ် ရန်ကုန်တက္ကသိုလ်ဆရာဆရာမတွေနဲ့ ကျောင်းသူ ကျောင်းသားအဖွဲ့တွေ အပြင်းအထန် ကန့်ကွက် ရှုတ်ချလိုက်ပြီး ငရဲခွေးကြီးကို ဘွဲ့ဝတ်ရုံ ဆင်မြန်းပေးလိုက်တာဟာ စစ်ကျွန်ပညာရေးရဲ့ သရုပ်သကန်ကို ထင်ရှားစွာ ဖော်ကျူးပြလိုက်တာ ဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။
ဖေဖော်ဝါရီ ၅ ရက်က ရန်ကုန်တက္ကသိုလ်မှာ အထူးဘွဲ့နှင်းသဘင်ကျင်းပပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ပေးအပ်ခဲ့တဲ့အပေါ် ရန်ကုန်တက္ကသိုလ်ကြားကာလတက္ကသိုလ်ကောင်စီ၊ ရန်ကုန်တက္ကသိုလ်ဆရာ၊ ဆရာမများအသင်းနဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့က ပူးတွဲထုတ်ပြန်လိုက်တာပါ။
စာသင်ကျောင်းတွေကို ဗုံးကြဲနေတဲ့ စစ်ရာဇဝတ်တရားခံ ဗိုလ်မင်းအောင်လှိုင် ကိုယ်မှာ ကျောင်းသူကျောင်းသားတို့ရဲ့ သွေးတွေ စွန်းပေနေပြီး ညစ်ထေးတဲ့ကိုယ်နဲ့ ဆင်မြန်းခဲ့တဲ့ ဘွဲ့ဝတ်ရုံ၊ သွေးစွန်းသောလက်နဲ့ ကိုင်တွယ်ခဲ့တဲ့ ဘွဲ့လက်မှတ်ဟာ ဂုဏ်သိက္ခာကင်းမဲ့ခဲ့ရပြီး ဘွဲ့နှင်းသဘင်ခန်းမှာလည်း သွေးညှီနံ့တွေ လှိုင်နေပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါဟာ စစ်အုပ်စုကို မျက်နှာချိုသွေးကာ ဘွဲ့တံဆိပ်ကို တံစိုးလက်ဆောင်အဖြစ် အသုံးပြုပြီး ဘွဲ့ကတ်ပြား ရောင်းစားတာဖြစ်တယ်၊ စစ်ကောင်စီ ပညာရေးဝန်ကြီး ချောချောစိန်နဲ့ စစ်အုပ်စုခန့် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် တင်မောင်ထွန်းတို့က စစ်အုပ်စုရဲ့ ဖိနှိပ်ရေးယန္တရားမှာ ခွေးသွားစိတ်တွေအဖြစ် တက်ကြွစွာ အသုံးချခံနေတာဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။
စစ်အာဏာရှင်စနစ် တည်ရှိနေသရွေ့ စစ်ကျွန်ပညာရေးစနစ် သက်ဆိုးရှည်နေမှာဖြစ်တယ်၊ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းမှ သာလျှင် အားလုံးနဲ့ ထိုက်တန်တဲ့ ဒီမိုကရေစီပညာရေးစနစ်ကို တည်ဆောက်နိုင်မယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို စနစ်တကျ ဖြေရှင်းနိုင်ခဲ့တယ်ဆိုပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ပါရဂူဘွဲ့ ပေးအပ်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီး ဒေါက်တာချောချောစိန်ကတော့ “မိမိတို့နိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်တွင် ကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှု အခက်အခဲများကို ဦးဆောင်ဦးရွက်ပြုပြီး စနစ်တကျ စီမံခန့်ခွဲ ဖြေရှင်းနိုင်ခဲ့သော စွမ်းဆောင်ချက်များကြောင့် အခုလို ဂုဏ်ထူးဆောင်ပါရဂူ ချီးမြှင့်ရတာ ဖြစ်တယ်” လို့ ပြောပါတယ်။


