Home
မြန်မာသတင်း
ရန်ကုန်တက္ကသိုလ်တွင် အလူမီနီယံဆာလဖိတ်ယိုစိမ့်
DVB
·
August 19, 2023
366704483_269183612523879_2593801616586867163_n

ရန်ကုန်၊ ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ ရန်ကုန်တက္ကသိုလ်ဝန်းထဲက အဆောင်တခုမှာ ဩဂုတ် ၁၈ ရက်၊ ညနေပိုင်းက အလူမီနီယံဆာလဖိတ် (Aluminum sulfate) တွေ ယိုစိမ့်ခဲ့တယ်လို့ မြန်မာမီးသတ်ဌာနချုပ်က ထုတ်ပြန်ထားပါတယ်။

ညနေ ၆ နာရီ မိနစ် ၂၀ လောက်မှာ သတင်းရရှိခဲ့တာကြောင့် ကမာရွတ်၊ ကျောက်တံတားနဲ့  စမ်းချောင်းမြို့နယ်အရန်မီးသတ်တို့က မီးသတ်ယာဉ် ၃ စင်း၊ မြန်မာမီးသတ်ဌာနချုပ်က ရှာဖွေကယ်ဆယ်ရေးကား ၁ စင်း၊ Ventilator မီးသတ်ယာဉ် ၁ စင်းနဲ့ အရပ်ဖက်အသင်းတွေက ပူးပေါင်းဖယ်ရှားခဲ့ကြတာ ဖြစ်ပါတယ်။ 

ရန်ကုန်တက္ကသိုလ်ထဲက ဓာတုဗေဒဓာတ်ခွဲခန်းကနေ အလူမီနီယံဆာလဖိတ် ထည့်ထားတဲ့ သံတိုင်ကီ ၂ လုံးအနက် ၁ လုံးကနေ ယိုစိမ့်ခဲ့တာဖြစ်ပြီး လေနဲ့ဓာတ်ပြုလို့ ဖြစ်လာတဲ့ အငွေ့တွေဟာ ကျောင်းအဆောင်တွေကို ပျံ့သွားခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ငွေ့ဖယ်ရှားရေးမီးသတ်တပ်ဖွဲ့ဝင်တဦးက “မိန်းထဲက ဓာတ်ခွဲခန်းမှာ ဖြစ်တာ၊ အလူမီနီယံဆာလဖိတ် တိုင်ကီ ယိုစိမ့်တာ၊ ကျောင်းသားတွေတော့ ထိခိုက်တာ မရှိဘူး၊ အချိန်က ညနေ ၆ ခွဲလောက်မှ ဖြစ်တာ၊ ဖြစ်တဲ့တခန်းရယ်၊ ဘေးအခန်းရယ်ပဲ ပျံ့သွားတာ၊ ကယ်ဆယ်ရေးထဲကတော့ အသက်ရှုကြပ်တာတွေ၊ မဝတာတွေ ရှိတယ်” လို့ ဆိုပါတယ်။

အငွေ့တွေကို သဲအိတ်တွေနဲ့ ဖယ်ရှားရေးကိရိယာတွေ အသုံးပြုကာ ၂ နာရီ လောက်ကြာအောင် ဖယ်ရှားခဲ့ရတာဖြစ်ပြီး အလူမီနီယံဆာလဖိတ်ကို ထိတွေ့ ရှုရှိုက်မျိုချမိရင် အရေပြားရောင်ရမ်းတာ၊ နှာခေါင်းနဲ့ လည်ချောင်းယားယံတာ၊ အော့အန်တာနဲ့ အစာအိမ်ရောဂါပြဿနာတွေ နောက်ဆက်တွဲဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။

ဩဂုတ် ၁၃ ရက်နေ့က ရန်ကင်းမြို့နယ်၊ သစ္စာလမ်း၊ ရန်ကင်းပညာရေးကောလိပ်ရှိ အဆောင်တခုမှာ အမိုးနီးယား ဓာတ်ငွေ့ယိုစိမ့်ခဲ့တာကြောင့် ကယ်ဆယ်ရေး အဖွဲ့ဝင်တယောက် အသက်ရှုကြပ်ဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဇန်နဝါရီလကလည်း ရန်ကုန်၊ လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်က ရေခဲစက်ရုံတခုမှာ အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်မှုကြောင့် အရပ်သား ၃၀ ကျော် ရန်ကုန်ဆေးရုံကို ပို့ဆောင်ခဲ့ရ‌ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013