Home
မြန်မာသတင်း
ရန်ကုန်တက္ကသိုလ်တွင် ဘာသာရပ်အချို့ကို တက်ရောက်မည့်သူ မရှိသလောက်ဖြစ်နေ
DVB
·
July 26, 2023
Yangon University_26072023

ရန်ကုန်တက္ကသိုလ်မှာ ဘာသာရပ်တချို့ကို လျှောက်ထားသူနည်းပါးနေသလို တက်ရောက်မယ့်သူလည်း မရှိတာကြောင့် အဆိုပါဘာသာရပ်တွေကို ဝင်ခွင့်မခေါ်ယူတော့ဖို့ အကြံပြုချက်တွေ ရှိနေတယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ပြန်လည်ဖွင့်လှစ်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူတွေကို ၇၀၀ ကျော်လောက် ဝင်ခွင့်ပေးနေပေမဲ့ ဘာသာရပ် လေးငါးခုလောက်ဟာ တက်ရောက်သူ မရှိသလောက် နည်းပါးတဲ့ အခြေအနေ ဖြစ်ပေါ်နေတာကြောင့် ရန်ကုန်တက္ကသိုလ်ကနေ တခြားတက္ကသိုလ်တွေကို ပြန်လည်ပြောင်းရွှေ့တာမျိုးတွေ ရှိတယ်လို့ အဆင့်မြင့်ပညာ အသိုင်းအဝိုင်းက စုံစမ်းသိရှိရပါတယ်။

အဆင့်မြင့်ပညာဦးစီးဌာနမှ အမည်မဖော်လိုသူတဦးက “တချို့ဘာသာရပ်တွေမှာ ပထမနှစ် လျှောက်ထားတာ ၁ ယောက်ပဲရှိတယ်။ တချို့ဘာသာရပ်တွေဆို အများဆုံး ၂ ယောက်ပဲ ရှိတယ်။ မိုင်နာဘာသာရပ်တွေမှာ တခြားအခန်းမှာ ကျောင်းသားအများကြီးနဲ့ သင်ရပေမဲ့ မေဂျာကျရင် တခန်းလုံးမှ တယောက်တည်းဆိုတော့ မေဂျာတွေပြောင်းကြ၊ ကျောင်းပြောင်းကြနဲ့ တက်မယ့်သူကို မရှိတော့ဘူး” လို့ ပြောပါတယ်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင် ကျောင်းသားကျောင်းသူ ၇၄၄ ယောက်ကို ရန်ကုန်တက္ကသိုလ်ကို ဝင်ခွင့်ပေးခဲ့ပြီး အရင်က ဘာသာရပ် ၂၀ ကျော်လောက်သာ ရှိပေမဲ့ ၂၀၂၂ ခုနှစ်ကစပြီး ဘာသာရပ် ၅ မျိုးလောက် ထပ်တိုးခေါ်ယူခဲ့ပါတယ်။

အဲ့ဒါကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်တက္ကသိုလ်မှာ ဘာသာရပ် ၃၀ လောက်အထိ ရှိလာပြီးတော့ ဝင်ခွင့်ရဦးရေဟာလည်း အရင်က ၅၀၀ ကျော်လောက်သာရှိပေမဲ့ အခုအခါ ၇၀၀ ကျော်လောက်အထိ ရှိလာခဲ့တယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဘာသာရပ် ၃၀ လောက်ထဲက ဒဿနိကဗေဒဘာသာရပ်ကို ၂ ဦး၊ မနုဿဗေဒ ဘာသာရပ်ကို ၁ ဦး၊ ငါးလုပ်ငန်းဆိုင်ရာ ဘာသာရပ်ကို ၂ ဦး၊ မြန်မာမှုပညာဘာသာရပ်ကို ၁ ဦးလောက်ပဲ လျှောက်ထားခဲ့တာကြောင့် ကျောင်းသားတွေ လျှောက်ထားမှုနည်းပါးတဲ့ ဘာသာရပ်တွေကို ဝင်ခွင့်မခေါ်ယူတော့ဖို့အတွက် Non-CDM ဆရာတွေက အကြံပြုနေကြတာလည်း ဖြစ်ပါတယ်။

အခု ၂၀၂၃ ခုနှစ်ရဲ့ တက္ကသိုလ်ဝင်ခွင့်တွေကို စိစစ်ဆဲဖြစ်ပြီး ရန်ကုန်တက္ကသိုလ်ဝင်ခွင့် ဘယ်လောက်ရှိမယ် ဆိုတာတော့ မသိရသေးပါဘူး။

အာဏာမသိမ်းခင်က ရန်ကုန်တက္ကသိုလ်ရဲ့ ဝင်ခွင့်ရဘာသာရပ် အမှတ်တွေဟာ လူကြိုက်မများတဲ့ ဘာသာရပ်တွေလောက်သာ အနိမ့်ဆုံး ၃၀၀ ကျော်နဲ့ ဝင်ခွင့်ရပေမဲ့ အခုအခါမှာတော့ လူကြိုက်များတဲ့ ဘာသာရပ်တွေရဲ့ အနိမ့်ဆုံးဝင်ခွင့်ဟာလည်း ၄၀၀ ကျော်ကနေ ၃၀၀ ကျော်လောက်အထိ ကျဆင်းသွားခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013