ထိုင်းနိုင်ငံဟာ ဒုက္ခသည်ကလေးသူငယ်တွေရဲ့ အခြေခံအခွင့်အရေးတွေကို ကာကွယ် စောင့်ရှောက်ပေးမယ်လို့ ကုလသမဂ္ဂမှာ ကတိပြုထားပေမယ့် ထိုင်းပညာရေးဝန်ကြီးဌာနအနေနဲ့ အခုလအစောပိုင်းကစပြီး ရွှေ့ပြောင်းဒုက္ခသည် ကလေးငယ်တွေရဲ့ ပညာသင်ကြားရေး စင်တာတွေကို တားမြစ် အရေးယူတာတွေ လုပ်ဆောင်နေတာဟာ အပြောတခြား အလုပ်တခြား ဆိုသလို ဖြစ်နေပါတယ်။
အရင်ကတည်းက အစစအရာရာ နွမ်းပါးလှတဲ့ ကလေးငယ်တွေကို ပညာသင်ကြားခွင့် တားမြစ်တာဟာ ကလေးငယ်တွေ လမ်းမှားကို ရောက်စေနိုင်တဲ့ တွန်းအားတခုလို ဖြစ်လာစေနိုင်ပါတယ်။
နောက်ပြီး ဒါဟာ ဆင်းရဲ ချမ်းသာမရွေး၊ ကျားမ မရွေး၊ လူမျိုးမရွေး အားလုံးတပြေးညီ ပညာသင်ကြားခွင့် ရရှိရေးကို နှစ်ပေါင်းများစွာကြာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ Education for All ပညာရေးမူဝါဒနဲ့ နိုင်ငံအတွင်းရှိ ကလေးငယ်တိုင်း နိုင်ငံသားမရွေး ပညာသင်ကြားနိုင်တဲ့ အခွင့်အလမ်းတွေအတွက် အာမခံချက် ပေးထားတဲ့ အစိုးရဝန်ကြီးများအဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ချိုးဖောက်ရာ ရောက်နေပါတယ်။
ရွှေ့ပြောင်းဒုက္ခသည် ကလေးငယ်တွေရဲ့ သင်ကြားရေးစင်တာတွေကို အခုလို အရေးယူ တားမြစ် ပိတ်ပင်တာတွေ လုပ်ဆောင်နေမှုကြောင့် ထိုင်းနိုင်ငံကို ကြောင်သူတော်ဟန် ဖန်တီးပြီး ကြွက်ချေးယိုသူအဖြစ် နိုင်ငံတကာ အသိုက်အဝန်းကလည်း ရှုမြင်လာနိုင်ပါတယ်။
ထိုင်းနိုင်ငံဟာ ဒုက္ခသည်ကလေးငယ်များ ကာကွယ်စောင့်ရှောက်ရေးကို အာမခံပေးထားတဲ့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (CRC) ကနေ ဩဂုတ်လ ၃၀ ရက်နေ့မှာ နုတ်ထွက်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ ထိုင်းပညာရေးဝန်ကြီးဌာနဟာ နိုင်ငံတောင်ပိုင်းရှိ စူရတ်ဌာနီခရိုင်မှ ကလေးငယ်များဆိုင်ရာ သင်ကြားရေးစင်တာတွေကို အရေးယူ တားမြစ်ပိတ်ပင်တာတွေ စတင်လုပ်ဆောင်ခဲ့ပါတယ်။ နောက်ပြီး တခြားခရိုင်တွေမှာရှိတဲ့ စင်တာတွေကိုလည်း ရှင်းလင်း အရေးယူသွားမယ့် အစီအစဉ်တွေ ရှိနေပါတယ်။
စူရတ်ဌာနီရှိ မြန်မာရွှေ့ပြောင်း ကျောင်းသူကျောင်းသားတွေ တက်ရောက်နေတဲ့ ပညာသင်ကြားရေးစင်တာတခုမှာ အလံတင် အခမ်းအနား ကျင်းပစဉ်အတွင်း ထိုင်းနိုင်ငံတော်သီချင်း သီဆိုလို့အပြီးမှာ မြန်မာနိုင်ငံတော်သီချင်း သီဆိုခဲ့ကြပုံကို ပြသထားတဲ့ ဗီဒီယိုဖိုင်ဟာ လူမှုမီဒီယာမှာ တဟုန်ထိုး ပျံ့နှံ့သွားသွားခဲ့ပြီးနောက်ပိုင်း အခုလို အရေးယူ ရှင်းလင်းမှုတွေ လုပ်ဆောင်လာခဲ့ပါ။
အမျိုးသားရေးဝါဒ ပြင်းထန်တဲ့ ထိုင်းအွန်လိုင်းအသုံးပြုသူတွေဟာ ဒီဗီဒီယိုဖိုင် ထွက်ပေါ်လာမှုအပေါ် ပြင်းပြင်းထန်ထန် ပြစ်တင် ဝေဖန်ခဲ့ကြပြီး ဒါဟာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ မြန်မာတွေရဲ့ စော်ကားမှုတခု ဖြစ်တယ်လို့ ပုံကြီးချဲ့ စွပ်စွဲခဲ့ကြပါတယ်။
အခုလို တုံ့ပြန်မှုတွေဟာ အမျိုးသားရေးဝါဒကို ကျောရိုးထားပြီး သင်ကြားနေတဲ့ ထိုင်းနိုင်ငံရဲ့ ပညာရေးစနစ်နဲ့ ထိုင်း-မြန်မာ နှစ်နိုင်ငံကြား ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ သမိုင်းကြောင်းတွေအပေါ် အခြေခံကာ မြန်မာလူမျိုးတွေအပေါ် ရန်လို မုန်းထားတဲ့ ထိုင်းလူမျိုးတွေရဲ့ စိတ်နေသဘောထားတွေကနေ မြစ်ဖျားခံလာခဲ့တာလည်း ဖြစ်ပါတယ်။
ပြည်သူတွေရဲ့ အခုလို ဖိအားတွေကြောင့်ပဲ ထိုင်းပညာရေးဝန်ကြီးဟာ စူရတ်ဌာနီသာမက တခြားပြည်နယ်တွေမှာပါ ရှိတဲ့ မြန်မာရွှေ့ပြောင်း ကလေးငယ်တွေ တက်ရောက်နေတဲ့ သင်ကြားရေးစင်တာတွေကို စုံစမ်းအရေးယူမှုတွေ လုပ်ဆောင်သွားဖို့ မစဉ်းစား မဆင်ခြင်တော့ဘဲ ချက်ချင်းဆိုသလို အမိန့်ပေးခဲ့တာပါ။
ဝန်ကြီးဌာနဟာ ဗီဒီယိုစတင်ထွက်ပေါ်လာရာ မေတ္တာအေး သင်ကြားရေးစင်တာကို တားမြစ်ပိတ်သိမ်းခဲ့ပြီး မြန်မာနဲ့ ထိုင်း ဆရာ၊ ဆရာမတွေ၊ ကျောင်းအုပ်နဲ့ မြေပိုင်ရှင်တို့ကို ဖမ်းဆီး အရေးယူခဲ့ပါတယ်။
ဒီကနေ့အထိဆိုရင် စူရတ်ဌာနီရှိ သင်ကြားရေးစင်တာ ၆ ခု ပိတ်သိမ်းခြင်း ခံခဲ့ရပြီး ရွှေ့ပြောင်းကလေးငယ်ပေါင်း ၂၀၀၀ ကျော်ရဲ့ ပညာသင်ကြားရေး အခွင့်အလမ်းတွေ ဆုံးရှုံးစေခဲ့ပါတယ်။
ရွေ့ပြောင်းအလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး လုပ်ကိုင်ဆောင်ရွက်နေတဲ့ အဖွဲ့တဖွဲ့ရဲ့ အခုနှစ်၊ ဇွန်လ အထိ ရရှိထားတဲ့ အချက်အလက်တွေအရ ထိုင်းနိုင်ငံရှိ ခရိုင် ၉ ခုမှာ သင်ကြားရေးစင်တာပေါင်း ၇၈ ခုအထိရှိပြီး ကျောင်းသူကျောင်းသူပေါင်း ၂၃,၀၉၀ ကျော် ပညာသင်ကြာနေတယ်လို့ သိရပါတယ်။ အခုအခါမှာတော့ အဲဒီစင်တာတွေဟာလည်း တနေ့ သူတို့အလှည့် ရောက်လာမှာကို စိုးရိမ်နေကြပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ် ၃ နှစ်အတွင်း မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ပြင်းထန်လာခဲ့တာကြောင့် ကလေးငယ်တွေရဲ့ ပညာရေး လိုအပ်ချက်အရ ဒုက္ခသည် ထောင်ပေါင်းများစွာဟာ ထိုင်းနိုင်ငံဘက်ကို ရွှေ့ပြောင်းလာခဲ့ကြတာ ဖြစ်ပါတယ်။
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြောင်းပြချက်နဲ့ သင်ကြားရေးစင်တာ အသစ်တွေနဲ့ ရှိရင်းစွဲ စင်တာတွေကို အခုလို စီးနင်း ပိတ်ပင်မှုတွေ လုပ်ဆောင်နေတာဟာ ရွှေ့ပြောင်း ဒုက္ခသည် ကလေးငယ်တွေအတွက် ရက်စက်ပြင်းထန် လွန်းရာရောက်ပြီး ကျိုးကြောင်း သင့်လျော်မှုမရှိသလို ထိုင်းနိုင်ငံရဲ့ ပညာရေးမူဝါဒကို ခေတ်နောက်ပြန်ဆွဲနေတဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်။
ပညာရေးဆိုတာဟာ ကလေးငယ်အားလုံးရဲ့ အခြေခံအခွင့်အရေး ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ ၁၉၉၇ ခုနှစ်မှာ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း (CRC) မှာ လက်မှတ်ရေးထိုးခဲ့သလို ၂၀၀၅ ခုနှစ်မှာ အစိုးရဝန်ကြီးများအဖွဲ့က ပြဋ္ဌာန်းသတ်မှတ်ခဲ့တဲ့ Education for All မူဝါဒနဲ့အညီ နိုင်ငံအတွင်းမှာရှိတဲ့ ကလေးငယ် အားလုံးအတွက် အခမဲ့ပညာရေးကို ၁၅ နှစ်ကြာ ထောက်ပံ့ပေးခဲ့ပါတယ်။
ဒါပေမဲ့လည်း ဗျူရိုကရေစီစနစ် ခိုင်မြဲနေမှုနဲ့ ပညာရေးမူဝါဒ သက်ရောက်မှု လိုအပ်ချက်တွေကြောင့် ရွှေ့ပြောင်း ဒုက္ခသည် ကလေးငယ်တွေဟာ ထိုင်းစာသင်ကျောင်း အများစုမှာ တက်ရောက်ခွင့် ငြင်းပယ်ခံထားရဆဲ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ အသစ်ရောက်လာတဲ့ လူငယ်တွေဟာ ထိုင်းကျောင်းတွေမှာ တက်ရောက် ပညာသင်ကြားနိုင်ဖို့ ဘာသာစကားအခက်အခဲ ရှိနေမှုနဲ့ ဒုက္ခသည်ကလေးငယ်တွေကို မြန်မာနိုင်ငံဘက် ပြန်ပို့နေတဲ့ ထိုင်းနိုင်ငံရဲ့ မူဝါဒတွေဟာ မြန်မာပညာရေးစနစ်ကို ဆက်လက် အကောင်အထည်ဖော်ဖို့ လိုအပ်စေတဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။
ခရိုင်အာဏာပိုင်တွေကတော့ ဒီစင်တာတွေကို တရားမဝင်စင်တာတွေအဖြစ် ခေါင်းစဉ်တပ်ကြပေမဲ့ တကယ့် လက်တွေ့မှာတော့ ဒီစင်တာတွေဟာ တရားဝင် ဖွင့်လှစ်ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေနေကြတာပါ။
အပိတ်ခံခဲ့ရတဲ့ စင်တာ ၆ ခုမှ ရွှေ့ပြောင်း ကျောင်းသူကျောင်းသားအားလုံးအနေနဲ့ ထိုင်းအစိုးရကျောင်းတွေမှာ တက်ရောက် သင်ကြားနိုင်တယ်လို့ စူရတ်ဌာနီ တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ကျောင်းသူကျောင်းသားပေါင်း ၃,၀၀၀ ကျော် တက်ရောက် ပညာသင်ကြားနေတဲ့ စင်တာပေါင်း ၁၀ ခုကို ပိတ်ပစ်ခဲ့ချိန်တုန်းကလည်း ရနောင်း တာဝန်ရှိသူတွေဟာ အလားတူပုံစံမျိုး ပြောဆိုခဲ့ပြီး နောက်ပိုင်းမှာ စင်တာတွေကို ပြန်ဖွင့်ခွင့်မပေးတော့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကလည်း အခုလိုလုပ်ရပ်တွေ လုပ်ဆောင်နေမှုကို ရပ်တန့်ဖို့ ပညာရေးဝန်ကြီးဌာနကို တိုက်တွန်းထားသလို ရွှေ့ပြောင်းအလုပ်သမားအဖွဲ့ကလည်း ရွှေ့ပြောင်း ဒုက္ခသည်ကလေးငယ်တွေကို ခြွင်းချက်မရှိ လက်ခံပေးဖို့ ထိုင်းအစိုးရကျောင်းတွေကို တောင်းဆိုထားပါတယ်။
ထိုင်းအစိုးရအနေနဲ့ ဒီတိုက်တွန်း တောင်းဆိုချက်တွေကို နားထောင်ပေးသင့်ပါတယ်။ Education for All မူဝါဒကို သွေဖည်ပြီး အထောက်အထားမဲ့ ကလေးငယ်တွေကို ဒေသခံစာသင်ကျောင်းတွေမှာ လက်မခံဖို့ တားမြစ်ပိတ်ပင်နေသူတွေအပေါ် အရေးယူ အပြစ်ပေးတာမျိုးတွေ လုပ်ဆောင်သင့်ပါတယ်။
ပညာရေးဝန်ကြီးဌာနအဖို့ မူဝါဒ အကောင်အထည်ဖော်ရေးမှာ အကန့်အသတ်တွေ ရှိနေတယ် ဆိုရင်တောင် သင်ကြားရေးစင်တာတွေကို ပိတ်ပစ်တာထက် ရွှေ့ပြောင်းကလေးငယ်တွေနဲ့ သက်ဆိုင်တဲ့ သင်ရိုးညွှန်းတမ်းတခုကို ရေးဆွဲပြီး သင်ကြားရေးစင်တာတွေအတွက် ထောက်ပံ့ပေးတာမျိုး ဆောင်ရွက်ပေးသင့်ပါတယ်။
အမျိုးသားလုံခြုံရေးအတွက် စိုးရိမ်တယ်ဆိုရင်လည်း အစိုးရအနေနဲ့ ပူးပေါင်း ဆောင်ရွက်မှုစနစ်တခုကို ဖန်တီးပြီး စင်တာတွေနဲ့ အတူလက်တွဲ ဆောင်ရွက်တာက အမျိုးသားလုံခြုံရေးကို ကာကွယ်စောင့်ရှောက်တာထက် ပိုပြီး ထိရောက်နိုင်ပါတယ်။
အဲဒီလိုမဟုတ်ဘဲ စင်တာတွေကို ပိတ်ပစ်တာဟာ နွမ်းပါးတဲ့ ကလေးငယ်တွေကို ဒုစရိုက်လောကသားတွေ လက်ထဲရောက်အောင် တွန်းပို့ပေးရာရောက်ပြီး ရာဇဝတ်မှုတွေနဲ့ မတည်ငြိမ်မှုတွေ တိုးမြင့်လာစေနိုင်ပါတယ်။
ပညာရေးဝန်ကြီးဌာနရဲ့ တာဝန်ဟာ ပညာရေးကို မြှင့်တင်ပေးဖို့ ဖြစ်ပါတယ်။ ဖိနှိပ်ဖို့ မဟုတ်ပါဘူး။ ထိုင်းနိုင်ငံရဲ့ Education for All မူဝါဒဟာ နိုင်ငံတကာအသိုက်အဝန်းရဲ့ ဂုဏ်ပြု အသိအမှတ်ပြုခြင်းကို နှစ်ပေါင်းများစွာကြာ ရရှိခဲ့ပြီး ဖြစ်ပါတယ်။
တကယ်လို့ ရွှေ့ပြောင်း သင်ကြားရေးစင်တာတွေအပေါ် အရေးယူနှိမ်နှင်းမှုတွေ ဆက်လက် လုပ်ဆောင်နေမယ်ဆိုရင် ထိုင်းပညာရေးမူဝါဒရဲ့ ကောင်းသတင်း ကျော်စောမှုပုံရိပ်ဟာ လက်ရှိ ဖွေ့ထိုင်းပါတီ ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ ပျက်စီး ဆုံးရှုံးရနိုင်ပါကြောင်း…။
Source: Bangkok Post
ဘာသာပြန် - ရာစုသစ်