Home
မြန်မာသတင်း
ရန်ကုန်တက္ကသိုလ်နှင့် စာသင်ကျောင်းအချို့တွင် စစ်ကောင်စီတပ်စွဲ
DVB
·
November 23, 2023
University of Yangon

ရန်ကုန်မြို့မှာ နိုဝင်ဘာ ၂၀ ရက်က စပြီး ရန်ကုန်တက္ကသိုလ်နဲ့ ရန်ကုန်မြို့အတွင်းက အထက်တန်းကျောင်းတွေမှာ စစ်ကောင်စီတပ်တွေက လုံခြုံရေးအကြောင်းပြပြီး လာရောက်တပ်စွဲထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်သား အင်အား ၁၅ ဦးလောက်နဲ့ စာသင်ကျောင်းမှာ လာရောက်တပ်စွဲထားတာဖြစ်ပြီး ညအချိန်တွေမှာ လမ်းသွားလမ်းလာတွေကို ခေါ်ယူစစ်ဆေးနေတယ်လို့ လှိုင်မြို့နယ်နေသူတဦးက ပြောပါတယ်။

“ကျောင်းထဲမှာ တပ်စွဲထားတာ ၂ ရက်လောက်တော့ ရှိပြီ။ စစ်သား ၃ ယောက်လောက်က ကျောင်းရှေ့မှာ ထိုင်ပြီး ကင်းစောင့်သလိုမျိုး ထိုင်နေတယ်။” 

ဒါ့အပြင် ရန်ကုန်တက္ကသိုလ်အတွင်းမှာလည်း စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့က အင်အားအများအပြား ထပ်မံဖြည့်တင်းပြီး လုံခြုံရေးတင်းကျပ်ထားတယ်လို့ ရန်ကုန်တက္ကသိုလ် အနီးနေထိုင်သူတဦးက ပြောပါတယ်။

“အရင်ကလည်း တက္ကသိုလ်ထဲမှာ စစ်သားတွေရှိတယ်။ အခုက အင်အားပိုများလာတာ။ ရဲတွေကော ပါလာတယ်။ ညနေပိုင်းဆို ကင်းလှည့်နေကြတယ်။” 

ဒါ့အပြင် လှိုင်သာယာမြို့နယ် ကျန်စစ်သားအိမ်ရာအတွင်းမှာလည်း စစ်ကောင်စီတပ်သားတွေ နေထိုင်ဖို့ အဆောက်အအုံတခုကို အုပ်ချုပ်ရေးမှူးတွေက နိုဝင်ဘာ ၂၀ ရက်နေ့မှာ စတင်ဆောက်လုပ်နေတယ်လို့ အနီးအနားနေထိုင်သူတဦးက ပြောပါတယ်။

“အဲဒီနေရာက အရင်က ကလေးတွေဆော့တဲ့နေရာ ခြင်းကွင်းလည်းပါတယ်။ အခု အဲဒါတွေကို ဖျက်ပြီး ဘန်ကာလိုဟာမျိုး ဆောက်နေတယ်။” 

စစ်ကောင်စီတပ်တွေဟာ စစ်စခန်း၊ ရဲစခန်းတွေမှာ မလုံခြုံတော့တာကြောင့် ဘုရား၊ ပန်းခြံ၊ စာသင်ကျောင်းနဲ့ လူနေရပ်ကွက်တွေထဲကို ဝင်ရောက် တပ်စွဲနေတာဖြစ်ပြီး မိမိတို့ရပ်ကွက်နဲ့ အနီးအနားကို စစ်ရေးအကာအကွယ်အဖြစ် အသုံးချခံလာရပါက အမြန်ဆုံး လွတ်မြောက်ရာကို ပြောင်းရွှေ့ဖို့ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ မြေအောက်တော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်တွေဟာ အရပ်ဘက်နေရာတွေဖြစ်တဲ့ စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ဘုန်းကြီးကျောင်းတွေ၊ စေတီပုထိုးတွေမှာ အကာအကွယ်ယူ တပ်စွဲထားလေ့ရှိပြီး တိုက်ပွဲဖြစ်ပွားတဲ့အခါ တော်လှန်ရေးအဖွဲ့တွေက စာသင်ကျောင်းတွေကို တိုက်ခိုက်တယ်ဆိုပြီး ဝါဒဖြန့်လေ့ ရှိပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013