
ထိုင်ဝမ်ကို လက်နက်ထောက်ပံ့ရာမှာ ချင့်ချင့်ချိန်ချိန်လုပ်ဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို တိုက်တွန်းလိုက်ပါတယ်။
ဖေဖော်ဝါရီ ၄ ရက်က ပြုလုပ်ခဲ့တဲ့ ဒီဆွေးနွေးမှုဟာ ရှီအနေနဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဗီဒီယိုကော်လ် ပြောအပြီး နာရီပိုင်းအကြာမှာ ထရမ့်ပ်နဲ့ ဖုန်းပြောခဲ့တာပါ။
ထိုင်ဝမ်ကိစ္စဟာ နှစ်နိုင်ငံဆက်ဆံရေးမှာ အရေးကြီးဆုံးဖြစ်ပြီး ထိုင်ဝမ်ဟာ တရုတ်ရဲ့ပိုင်နက် ဖြစ်တာကြောင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ကာကွယ်ရမယ်လို့ ရှီက ပြောပါတယ်။
သမ္မတထရမ့်ပ် ကတော့ ဒီဆွေးနွေးမှုဟာ အင်မတန်ကောင်းမွန်ပြီး ဧပြီလမှာ တရုတ်နိုင်ငံကို လာရောက်လည်ပတ်ဖို့ ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။
တရုတ်က အမေရိကန်ဆီကနေ ပဲပုပ်တန်ချိန် သန်း ၂၀ နဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ ဝယ်ယူရေးကိစ္စတွေကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ထိုင်ဝမ်ကို ဒေါ်လာ ၁၁ ဘီလီယံဖိုး လက်နက်တွေ ရောင်းချမယ်လို့ အမေရိကန်က ကြေညာခဲ့ပါတယ်။
အမေရိကန်နဲ့ တရုတ်အကြား လေးစားမှု၊ တန်းတူညီမျှမှု ရှိမယ်ဆိုရင် နှစ်ဖက် စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းနိုင်တဲ့နည်းလမ်း ရှာတွေ့မယ်လို့လည်း တရုတ်သမ္မတက ပြောကြားခဲ့ပါတယ်။
Source: Reuters


