
သြစတြေးလျနိုင်ငံမှာ ဧရိယာအကျယ်ဝန်းဆုံးဖြစ်တဲ့ အနောက်သြစတြေးလျပြည်နယ်၊ ခွင်းဒါလပ် မြို့အနီးမှာ ရေလှိုင်းတွေ ကြမ်းနေတဲ့အခြေအနေမှာ ပင်လယ်ထဲ ဆွဲငင်ခေါ်ဆောင်သွားခံရတဲ့ အမျိုးသမီးတယောက်နဲ့ သူ့ကလေး ၂ ယောက်တို့ကို ဇန်နဝါရီ ၃၀ ရက်မှာ ကယ်ဆယ်နိုင်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
အသက် ၁၃ နှစ်အရွယ် သားဖြစ်သူက အကူအညီ တောင်းခံနိုင်ဖို့ ကမ်းခြေကို ၄ ကီလိုမီတာ လောက် ရေကူးလာခဲ့အပြီးမှာ ကယ်ဆယ်ရေး လုပ်နိုင်ခဲ့တာပါ။
အဲဒီဖြစ်ရပ်ဟာ သောကြာနေ့ ညနေပိုင်းက ဂျီအာဂရပ်ဖ်ပင်လယ်အော်မှာ မိသားစုဝင်တွေ ကယက်လှေစီးတာနဲ့ ပက်ဒယ်ဘုတ်ပြားစီးနင်းနေချိန်မှာ ဖြစ်ပွားခဲ့တာလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
ကောင်လေးဟာ သူ့ရဲ့ ကယက်လှေကို ခဏလောက် လှော်နေချိန်မှာ ရေထဲကိုရောက်သွားခဲ့ရပြီးနောက် မှောင်ရီပျိုးစ အခြေအနေမှာပဲ ကမ်းခြေကိုရေကူးသွားပြီးတော့ အကူအညီတောင်းခဲ့တာပါ။
ကလေးငယ်ဆီက သတင်းရရခြင်းမှာပဲ ဒေသခံ ရဲတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်း ရေကြောင်းကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ကယ်ဆယ်ရေး ရဟတ်ယာဉ်တွေကို အသုံးပြုပြီး အေဂျင်စီပေါင်းစုံဟာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစဉ်ကို ချက်ချင်းစတင်ခဲ့ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေဟာ အသက် ၄၇ နှစ်အရွယ် မိခင်ဖြစ်သူနဲ့အတူ အသက် ၈ နှစ်နဲ့ ၁၂ နှစ်အရွယ် ကလေး ၂ ယောက်တို့ကို ပင်လယ်ထဲမှာ ပက်ဒယ်လ်ဘုတ်ပြားတခုကို တွယ်ကာ မျောပါနေတာကို တွေ့ရှိခဲ့ပြီး ကမ်းခြေကို ဘေးကင်းလုံခြုံစွာ ခေါ်ဆောင်နိုင်ခဲ့ကြောင်း သြစတြေးလျ ရေကြောင်းဘေးကင်းလုံခြုံရေးအဖွဲ့ (AMSA) က ထုတ်ပြန်ထားပါတယ်။
ကယ်ဆယ်ခံရသူ ၃ ယောက်စလုံးကို ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်ပြီး ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။
ဒီကယ်ဆယ်ရေးဟာ အရေးပေါ်တုံ့ပြန်သူတွေနဲ့ စေတနာ့ဝန်ထမ်းတွေရဲ့ မြန်ဆန်တဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် အောင်မြင်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ချီးကျူးပြောဆိုခဲ့ပါတယ်။


