
ဒီနေ့ မနက်အစောပိုင်းက ကစားခဲ့တဲ့ အင်္ဂလန်လိဂ်ဖလားခေါ် ကာရာဘောင်းဖလား အကြိုဗိုလ်လုပွဲ ဒုတိယအကျော့မှာ မန်ချက်စတာစီးတီးအသင်းက နယူးကာဆယ် အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်သွားပါတယ်။
ဒါကြောင့် ဗိုလ်လုပွဲမှာ အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင် ကစားရတော့မှာဖြစ်ပါတယ်။
ပထမအကျော့မှာကတည်းက ၂ ဂိုး ဂိုးမရှိနဲ့ နိုင်ထားသလို လာမဲ့ တနင်္ဂနွေမှာ လီဗာပူးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲ ကစားဖို့ရှိတဲ့ မန်စီးတီးအသင်းက ဒီပွဲမှာ တိုက်စစ်မှူး ဟာလန်း၊ ဂိုးသမား ဒွန်နာရမ်မားစတဲ့ အဓိက ကစားသမားတွေကို အနားပေးခဲ့ပါတယ်။
ဒါပေမဲ့ ပွဲအစ ၇ မိနစ်ကတည်းက တိုက်စစ်မှူး အိုမာမာမို့ရှ်က အဖွင့်ဂိုးသွင်းခဲ့သလို ၂၉ မိနစ်မှာလည်း သူကပဲ ဒုတိယ ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။
အဲဒီနောက် ၃ မိနစ်အကြာ ပွဲကစားချိန် ၃၂ မိနစ်မှာ ရိန်ဒါက တတိယ အနိုင်ဂိုးထပ်သွင်းယူခဲ့ပါတယ်။ နယူးကာဆယ်အတွက် တလုံးတည်းသော ချေပဂိုးကိုတော့ တောင်ပံကစားသမား အီလန်ဂါက ဒုတိယပိုင်း ပွဲချိန် ၆၂ မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ မန်စီးတီးတို့ ၃ ဂိုး ၁ ဂိုးနဲ့ နိုင်သွားတာပါ။
လိဂ်ဖလား ဗိုလ်လုပွဲမှာ တွေ့မဲ့ အာဆင်နယ်နဲ့ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်မှာလည်း အမှတ်ပေးဇယား အဆင့် ၁ နဲ့ ၂ မှာ အသီးသီး ရပ်တည်နေတဲ့ အသင်းတွေ ဖြစ်ပါတယ်။


