
အာဆင်နယ်အသင်းဟာ ချဲလ်ဆီးအသင်းကို နှစ်ကျော့စလုံး အနိုင်ယူပြီး EFL လိဂ်ဖလားဗိုလ်လုပွဲ တက်ရောက်သွားပါတယ်။
ဖေဖော်ဝါရီ ၄ ရက် ဒီနေ့မနက်ပိုင်းက ကစားသွားတဲ့ လိဂ်ဖလားဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ အာဆင်နယ်က ပွဲပြီးခါနီးမှာ ကိုင်ဟာဗက်ဇ်ရဲ့သွင်းဂိုးနဲ့ ချဲလ်ဆီးကို ထပ်မံအနိုင်ယူခဲ့ပြီး ပထမအကျော့ အဝေးကွင်းပွဲစဉ်မှာတုန်းကလည်း ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။
အာဆင်နယ်အတွက် ၉ ကြိမ်မြောက် EFL ဖလား ဗိုလ်လုပွဲဆီ တက်လှမ်းလာနိုင်ခဲ့တာဖြစ်ပြီး ၂၀၂၀ အလွန်မှာ ပထမဆုံးအကြိမ် ဗိုလ်လုပွဲဆီ တက်လှမ်းလာခဲ့တာပါ။
ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ဖို့ နှစ်တွေများစွာ စောင့်ဆိုင်းခဲ့ရပြီး အသင်းအတွက် ဝမ်းမြောက်စရာဖြစ်ကြောင်း နည်းပြအာတေတာက ပြောပါတယ်။
အာဆင်နယ်ဟာ မန်စီးတီးနဲ့ နယူးကာဆယ်အသင်းတို့ ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ဗိုလ်လုပွဲ ကစားရမှာဖြစ်ပြီး ပထမအကျော့တုန်းက မန်စီးတီးက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိထားပါတယ်။


