Home
မြန်မာသတင်း
မြန်မာပြည်တွင်း မြေငလျင်များလှုပ်ခတ် 
DVB
·
February 4, 2026
Photo: မိုးဇလ

ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ်နားမှာ ဖေဖော်ဝါရီ ၃ ရက် ညပိုင်းက အင်အားအသင့် အတင့်ရှိတဲ့ မြေငလျင် ၂ ကြိမ်လှုပ်ခတ်ခဲ့ပြီး မန္တလေးနဲ့ ပဲခူးတိုင်းထဲမှာလည်း ငလျင်တွေ လှုပ်ခတ်ခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်အရ ဖေဖော်ဝါရီ ၃ ရက် ည ၁၀ နာရီ ၄ မိနစ်အချိန်မှာ မကွေးတိုင်း၊ ရေနံချောင်းမြို့ရဲ့ အနောက်ဘက် ၉၅ ကီလိုမီတာအကွာ၊ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ်၊ မြေအောက်အနက် ၆၁ ဒသမ ၇ ကီလိုမီတာလောက်ကိုဗဟိုပြုပြီး ရစ်ချ်တာစကေး ၅ ဒသမ ၉ အဆင့် အင်အားအတော်အသင့်ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်ခဲ့ပါတယ်။

အဲဒီနောက် ည ၁၀ နာရီ ၂၁ မိနစ်မှာလည်း မကွေးတိုင်း၊ ရေနံချောင်းမြို့ရဲ့ အနောက်ဘက် ၈၉ ကီလိုမီတာအကွာ၊ စေတုတ္တရာမြို့နားမှာ မြေအောက်အနက် ၆၈ ကီလိုမီတာလောက်ကိုဗဟိုပြုပြီး ရစ်ချ်တာစကေး ၅ ဒသမ ၂ အဆင့် အင်အားအတော်အသင့်ရှိတဲ့ မြေငလျင်တခု ထပ်လှုပ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ မိုးလေဝသဌာနရဲ့ ငလျင်စောင့်ကြည့်ရေးဌာနကတော့ မကွေးတိုင်း၊ စေတုတ္တရာမြို့နဲ့ ရခိုင်ပြည်နယ်၊ မင်းပြားမြို့ကြား ရခိုင်ရိုးမပေါ်မှာ ရစ်ချ်တာစကေး ၅ ဒသမ ၈၊ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ထဲမှာ ရစ်ချ်တာစကေး ၅ ဒသမ ၄ နဲ့ လှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဩဇာခံ မိုးလေဝသဌာနကတော့ စေတုတ္တရာမြို့ရဲ့ အနောက်-အနောက်မြောက်ဘက် မိုင် ၂၀ လောက်အကွာမှာ အနက် ၅၈ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၆၊ စေတုတ္တရာမြို့ရဲ့ အနောက်-အနောက်မြောက်ဘက် ၂၆ မိုင်လောက်အကွာမှာ အနက် ၄၄ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၅ ဒသမ ၂ နဲ့ လှုပ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၃ ရက် နေ့လယ် ၁၂ နာရီ ၄၂ မိနစ်ကလည်း ပုသိမ်ကြီးမြို့နယ်ရဲ့ အနောက်မြောက်ဘက် ၃ မိုင်လောက်အကွာမှာ အင်အား ၃ ဒသမ ၉ ရစ်ချ်တာစကေးနဲ့ ငလျင်တခု လှုပ်ခဲ့တယ်လို့ အင်အားပြင်း စစ်ကိုင်းငလျင်ကြီးရဲ့ နောက်ဆက်တွဲ မြေငလျင်သတင်းအမှတ်စဉ် ၂၇၃ အဖြစ် ထုတ်ပြန်ထားပါတယ်။

ထိုင်းမိုးလေဝသဌာနကတော့ ဒီမနက်ပိုင်းက ပဲခူးတိုင်း၊ ဘုရားကြီးနဲ့ ရန်ကုန်တိုင်း ဥက္ကံမြို့နယ်ကြားမှာ ရစ်ချ်တာစကေး ၂ ဒသမ ၈၊ ဆွာမြို့နားမှာ ရစ်ချ်တာစကေး ၂ ဒသမ ၂ နဲ့ ငလျင်တွေလှုပ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၂ ရက်နေ့ကလည်း မြန်မာနိုင်ငံမှာ ငလျင်အသေး ၃ ကြိမ်၊ ၁ ရက်နေ့က ၄ ကြိမ်လှုပ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013