
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ အင်းတိုင်ကျေးရွာမှာ ဖေဖော်ဝါရီ ၃ ရက် မနက်က စက်ရုံကြိုပို့ယာဥ်နဲ့ ခရီးသည်တင်ယာဥ်တို့ မျက်နှာချင်းဆိုင်တိုက်မိရာ စက်ရုံအလုပ်သမား ၅ ယောက် သေဆုံးပြီး ၁၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒီကနေ့မနက် ၇ နာရီကျော်က ရန်ကုန်-ပဲခူးကားမကြီး အင်းတိုင်ကျေးရွာအနီးမှာ အထည်ချုပ်စက်ရုံ ကြိုပို့ယာဥ်နဲ့ ကျားမင်း ခရီးသည်တင်ယာဥ်တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့တာလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“ဖယ်ရီကားက စီယာတိုင် တိုက်လော့ပြုတ်ပြီး ခရီးသည်တင်ယာဥ်ကားကို ဝင်တိုက်တာ၊ တိုက်တဲ့နေရာမှာတင် စက်ရုံဘက်က ယာဥ်မောင်းအပါအဝင် ၅ ယောက်သေတယ်၊ ဒဏ်ရာရတဲ့သူ ၁၈ ယောက်ရှိတယ်၊ အဲဒီထဲမှာ ၁၂ ယောက်က ပေါင်တွေကျိုးကုန်တယ်၊ ခရီးသည်တင်ကားက ဒဏ်ရာရတဲ့သူ တယောက်ပဲရှိတယ်။”
ယာဉ်တိုက်မှုဖြစ်စဥ်မှာ သေဆုံးသူတွေဟာ ပဲခူး Panko အထည်ချုပ်စက်ရုံက ယာဥ်မောင်း၊ စူပါနဲ့ ဝန်ထမ်းတွေဖြစ်ပြီး ဒဏ်ရာပြင်းထန်သူ ၁၂ ယောက်မှာလည်း စိုးရိမ်ရတဲ့ အခြေအနေ ရှိတယ်လို့ စက်ရုံဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။
“သေတဲ့အထဲမှာ ဖယ်ရီယာဥ်မောင်းရော စူပါရော အလုပ်သမားရော ၅ ယောက်ရှိတယ်။ ပေါင်ကျိုးပြီး ဒဏ်ရာပြင်းထန်တဲ့သူတွေက အသက်လုနေရတဲ့ အခြေအနေပါ။”
ယာဥ်တိုက်မှုမှာ ဒဏ်ရာရသူတွေကို မီးသတ်တပ်ဖွဲ့နဲ့ လူမှုကယ်ဆယ်ရေး အဖွဲ့အစည်းတွေက လှည်းကူးဆေးရုံနဲ့ မြောက်ဥက္ကလာဆေးရုံ ပို့ဆောင်ပေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ဒီကနေ့ ယာဥ်တိုက်မှုဖြစ်ခဲ့တဲ့ အင်းတိုင်ကျေးရွာအနီးမှာ ၂၀၂၅ ခုနှစ် ဇွန်လက တောင်ဒဂုံစက်မှုဇုန်ကြို ယာဥ်တစီးနဲ့ ခရီးသည်တင်ယာဥ် တိုက်မိပြီး အလုပ်သမားတယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာရခဲ့တဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။


