
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ကျောက်ပိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ဒီဇင်ဘာ ၂၃ ရက် ည ၆ နာရီ ၄၅ မိနစ်မှာ ပြင်းအားမြင့် မိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
မိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်မှုကို Yangon Army မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့နဲ့ အနောက်ပိုင်းခရိုင် ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
Yangon Amry မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက “ရုံးကတော့ ပျက်စီးသွားတယ်။ ရုံးမှာစောင့်နေတဲ့ ပျူစောထီးတွေလည်း မိုင်းစထိမှန်သွားတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက ပြုလုပ်မဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် အစည်းအဝေးလုပ်နေကြတာ၊ အဲဒီရပ်ကွက်ရုံးကိုပါ မဲရုံအဖြစ် အသုံးပြုဖို့ ပြင်ဆင်ထားတယ်၊ လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ ကြားထဲက လုပ်ဆောင်ခဲ့တာ၊ အတုအယောင် ရွေးကောက်ပွဲမှာ ပါဝင်ကူညီပေးနေသူတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်ဖို့ကို မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက တက်တက်ကြွကြွ လုပ်ဆောင်နေပြီး ရွေးကောက်ပွဲ ဖြစ်မြောက်ရေး လုပ်ဆောင်နေတဲ့ ဘယ်အဖွဲ့အစည်းကိုမဆို ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမယ်လို့ မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။


