
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းမပေါ်ရှိ ပိတောက်ချောင်းနယ်မြေရဲစခန်းကို ဒီကနေ့ ဒီဇင်ဘာ ၁၈ ရက်နေ့၊ မနက် ၃ နာရီ ၄၅ မိနစ်လောက်မှာ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ Operation Flame သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီ မကြာခင် ကျင်းပမယ့် ရွေးကောက်ပွဲကို ပါဝင်လှုပ်ရှားနေတဲ့ ပိတောက်ချောင်း နယ်မြေ ရဲတပ်ဖွဲ့ကို Operation Flame-“Fire Power” အထူးစစ်ဆင်ရေး စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒီစစ်ဆင်ရေးကို Operation Flame နဲ့အတူ အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ လသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာလို့ ထုတ်ပြန်ပါတယ်။
Operation Flame သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံက “လှိုင် ပိတောက်ချောင်းနယ်မြေရဲစခန်းကို အဝေးထိန်း မိုင်း ၂ လုံးနဲ့ ပြုလုပ်ခဲ့တာပါ။ ၂ လုံးစလုံး အောင်မြင်ခဲ့ပါတယ်။ မနက်အစောပိုင်း ကင်းချိန်းချိန်မှာ အချိန်ကိုက် ဖောက်ခွဲနိုင်ခဲ့ပါတယ်။ တော်လှန်ရေးအဖွဲ့သားတွေအားလုံး ဘေးကင်းရာ ရောက်ပါပြီ။ ရန်သူ ထိခိုက်မှု အသေးစိတ်ကတော့ စုံစမ်း အတည်ပြုနေဆဲပါ” လို့ ပြောပါတယ်။
Operation Flame အနေနဲ့ စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲကို လုံးဝ လက်ခံမှာ မဟုတ်ဘဲ ရန်ကုန် တော်လှန်ရေးမဟာမိတ်တွေ အားလုံးနဲ့အတူ လက်တွဲပြီး စစ်တပ်ကို အရှိန်မြင့် တိုက်ခိုက် ချေမှုန်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။


