
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် သာသနာ့ရိပ်သာရပ်ကွက်မှာရှိတဲ့ ကြံ့ခိုင်ရေးပါတီရုံးကို ဒီဇင်ဘာ ၆ ရက် မနေ့ည ၆ နာရီကျော်က လက်လုပ်မိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရတယ်လို့ ရပ်ကွက်ဒေသခံတွေနဲ့ Yangon Army ဆီက သိရပါတယ်။
ပြင်းအားကောင်းပြီး မိုင်း ၂ လုံးစလုံး ပေါက်ကွဲခဲ့တာကြောင့် ရုံးထဲမှာရှိတဲ့ ကြံ့ခိုင်ရေးပါတီဝင်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေ မိုင်းစထိမှန်ခဲ့တယ်လို့ ပြောပေမဲ့ အတိအကျမသိရသေးပါဘူး ။
Yangon Army မြို့ပြပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက “ဖောက်ခွဲမှုကို ကျနော်တို့ YA တော်လှန်ရေးတပ်ဖွဲ့က သွားရောက်လုပ်ကိုင်ခဲ့တာ။ စစ်ကောင်စီက ပြုလုပ်မဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်နေလို့၊ သူတို့က ကြံ့ခိုင်ရေးပါတီဝင်လည်းဟုတ် ပျူစောထီးအဖွဲ့ဝင်တွေလည်း ဟုတ်တယ်။ မိုင်းက ၂ လုံးစလုံး ပေါက်ကွဲတယ်။ ထိခိုက်မှုတော့ရှိမယ်။ လုံခြုံရေးအရ ထိခိုက်မှုအတိအကျတော့ မသိရသေးဘူး” လို့ပြောပါတယ်။
Yangon Army မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့အနေနဲ့ စစ်ကောင်စီ ပြုလုပ်မဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်နေသူတွေနဲ့ စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေကို အရှိန်မြှင့်တိုက်ခိုက်သွားမယ်လို့လည်း ဆိုပါတယ်။
နိုဝင်ဘာ ၁၉ ရက်ညကလည်း ရန်ကုန်၊ မြောက်ဥက္ကလာပ၊ ရွှေပေါက်ကံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို YA တော်လှန်ရေးတပ်ဖွဲ့နဲ့ အနောက်ပိုင်းခရိုင်ပကဖတို့က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။


