
ရန်ကုန်တိုင်း၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ အမှတ် ၆ ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်း မီးပွိုင့်မှာ ဒီဇင်ဘာ ၁၈ ရက် ဒီကနေ့ မနက် ၇ နာရီကျော်က အိုပယ် ၁ စက်ရုံကြိုပို့ယာဥ် တိမ်းမှောက်ပြီး အလုပ်သမား ၁၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ စက်ရုံအလုပ်သမားတွေဆီက သိရပါတယ်။
သမကုန်းကနေ စက်ရုံအလုပ်သမား ၅၀ နီးပါးကို တင်ဆောင်လာတဲ့ စက်ရုံကြိုပို့ယာဥ်ဟာ ဗိုလ်အောင်ကျော်လမ်းမီးပွိုင်မှာ အရှိန်မထိန်းနိုင်ဘဲ မှောက်ခဲ့တာလို့ အလုပ်သမားတယောက်က ပြောပါတယ်။
"ကားက မီးခွက်စျေးအောက်ထိပ်မှာ ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ မှောက်သွားတာ။ လူသေတာတော့ မရှိဘူး။ လက်ကျိုးတဲ့သူနဲ့ ဒဏ်ရာရတဲ့သူ ၁၂ ယောက်ရှိတယ်။ အကုန်လုံး လှိုင်သာယာဆေးရုံမှာ။”
ဒဏ်ရာရသူ အမျိုးသားတယောက်နဲ့ အမျိုးသမီး ၁၁ ယောက်ကို ပရဟိတအဖွဲ့တွေက လှိုင်သာယာဆေးရုံကြီးကို လူနာတင်ယာဥ်တွေနဲ့ပို့ဆောင်ပေးခဲ့ပါတယ်။
နိုဝင်ဘာ ၁၁ ရက် ညနေကလည်း လှိုင်သာယာအရှေ့ပိုင်းမြို့နယ် တိုးချဲ့မှတ်တိုင်နဲ့ ဘိုအိုစီမှတ်တိုင်ကြားမှာ ဆမ်းမီစက်ရုံကြိုပို့ယာဥ် တစီးမှောက်ခဲ့လို့ စက်ရုံအလုပ်သမား ၈ ယောက်ဒဏ်ရာရရှိခဲ့ ပါတယ်။
အောက်တိုဘာ ၉ ရက်ကလည်း လှိုင်သာယာအနောက်ပိုင်းမြို့နယ် ရခိုင်ရိုးကြီးကျေးရွာ အနော်ရထာလမ်းမပေါ်မှာ ၂၂ ဘီးကားက အရှိန်လွန်ပြီး MEIER GLOBAL အထည်ချုပ်စက်ရုံကြိုပို့ယာဥ်ကို တိုက်ခဲ့လို့ အလုပ်သမား ၂၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။


