
ရန်ကုန်၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အမှတ် ၁၉ ရပ်ကွက်၊ ကျန်စစ်သားလမ်းမပေါ်မှာ နိုဝင်ဘာ ၃ ရက် ဒီနေ့ နေ့လယ် ၁၂ နာရီက တစညပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းတယောက် ကားတိုက်ခံရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
လွှတ်တော်ကိုယ်စားလှယ်လောင်းမှာ မိခင်၊ တူမဖြစ်သူနဲ့ ဘေးတွဲစီးလာစဥ် ကားတိုက်ခံရတာ ဖြစ်ပြီး ဘေးတွဲပေါ်က ပြုတ်ကျကာ ၃ ယောက်စလုံး ဒဏ်ရာပြင်းထန်စွာရပြီး အရေးပေါ် တင်ထားရတယ်လို့ ရပ်ကွက်နေသူတယောက်က DVB ကို ပြောပါတယ်။
“ရုံးရှေ့ကနေ ရွှေလင်ဗန်းဘက်ကို မောင်းလာတဲ့ ဟိုက်ဂျက်ယာဥ်တိုက်တာ၊ ကထိန်လှည့်နေတဲ့ ကားတွေကို ကျော်တက်ရင်း ဘေးတွဲတိုက်မိတာ၊ ၃ ယောက်စလုံး ဒဏ်ရာရတယ်။ လွှတ်တော် ကိုယ်စားလှယ်လောင်းက စကားမေးတောင် မရဘူး၊ သတိလစ်နေတယ်။ ကားသမားကို ဖမ်းမိသွားတယ်။”
အဆိုပါယာဥ်တိုက်မှုကြောင့် တစညပါတီက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဇော်ထက်မှာ သတိလစ် ဒဏ်ရာပြင်းထန်စွာ ရခဲ့ပြီး မိခင်ဖြစ်သူ ဒေါ်ခင်မာချိုမှာ လက်ကျိုး၊ တူမဖြစ်သူ မအေးမြဖြိုးမှာ အတွင်းဒဏ်ရာရထားကြောင်း အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“၃ ယောက်စလုံး ဒဏ်ရာရတယ်။ လွှတ်တော်ကိုယ်စားလှယ်က နံကျိုးတယ်။ သူ့အမေက လက်ကျိုးတယ်။ တူမလေးက အတွင်းဒဏ်ရာရတယ်။ ယာဥ်မောင်းကို သောင်ကြီးစခန်းက စစ်ဆေးနေတယ်။”
လတ်တလောမှာ အဆိုပါယာဥ်တိုက်မှုမှ ယာဥ်မောင်းဖြစ်သူ ဦးဇော်နိုင်ထွန်းကို သောင်ကြီးမြို့မရဲစခန်းက အမှုဖွင့်လှစ်နိုင်ရေးအတွက် စစ်ဆေးနေတယ်လို့ သိရပါတယ်။




