Home
မြန်မာသတင်း
လှိုင်သာယာတွင် ကျောင်းကြိုပို့ယာဉ်က ဘေးတွဲယာဉ်များကိုဝင်တိုက်၊ ၂ ဦးသေပြီး ၁ ဦး ဒဏ်ရာရ
DVB
·
November 24, 2025

ရန်ကုန်၊ လှိုင်သာယာ အနောက်ပိုင်းမြို့နယ်၊ အလယ်ကျေးရွာ ခရေပင်လမ်းမကြီးမှာ ဒီကနေ့ နိုဝင်ဘာ ၂၄ ရက် မနက် ၁၀ နာရီခွဲက ကျောင်းကြိုပို့ယာဥ်တစီး ဘရိတ်ပေါက်ပြီး ဘေးတွဲဆိုင်ကယ်တွေကို တိုက်ခဲ့ရာ အမျိုးသားတယောက်နဲ့ တနှစ်ကျော်အရွယ် ကလေးငယ် တယောက် သေဆုံးပြီး အမျိုးသားတယောက် ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ရွှေပြည်သာတံတားအဆင်းကနေ လှိုင်သာယာ အနောက်ပိုင်းတက္ကသိုလ်ဘက်ကို မောင်းနှင်လာတဲ့ တက္ကသိုလ်ကြိုပို့ယာဥ်တစီးဟာ အလယ်ကျေးရွာ ခရေပင်လမ်းမကြီးပေါ်မှာ ဘရိတ်ပေါက်ကာ ကား ၂ စီးနဲ့ ဘေးတွဲဆိုင်ကယ် ၃ စီးကို တိုက်ခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။

“အလယ်ရွာ ခရေပင်လမ်းမကြီး Denko ဆီဆိုင်နားမှာဖြစ်တာ။ ကျောင်းကားက အရှိန်နဲ့မောင်းလာတော့ ဘရိတ်ပေါက်ပြီး ဟိုက်ဂျက်တစီးရယ်၊ ကုန်ကားတစီးရယ်၊ ဘေးတွဲ ၃ စီးကို တိုက်တာ။ ဘေးတွဲတစီးက မောင်းတဲ့သူ သေသွားတယ်။ နောက် ဘေးတွဲတစီးပေါ်က တနှစ်ကျော် ကလေးလေး သေတယ်၊ မောင်းတဲ့သူ ဒဏ်ရာရတယ်။”

ယာဥ်တိုက်မှုဖြစ်ပြီးနောက် ပရဟိတအဖွဲ့တွေနဲ့ ယာဥ်ထိန်းရဲတွေ ရောက်လာပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို လှိုင်သာယာဆေးရုံ ပို့ဆောင်ခဲ့ကြတယ်လို့ ပရဟိတအဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“သေတဲ့သူရော ဒဏ်ရာရတဲ့သူရော အလယ်ရွာမှာနေတဲ့သူတွေ၊ ပရဟိတအဖွဲ့တွေက လှိုင်သာယာဆေးရုံကို ပို့ပေးတာ၊ ဒဏ်ရာရတဲ့သူက သိပ်ပြီးမစိုးရိမ်ရဘူး။”

ယာဥ်တိုက်မှုကြောင့် အလယ်ကျေးရွာနေ ဘေးတွဲမောင်းနှင်သူ ဦးမျိုးသက်ထွန်းနဲ့ ၁ နှစ်နဲ့ ၉ လ အရွယ်ရှိ မောင်ဥက္ကာဖြိုးမောင်တို့ သေဆုံးခဲ့ပြီး ဘေးတွဲမောင်းနှင်သူ ဦးရန်နောင်စိုး ဒဏ်ရာရရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

အဆိုပါယာဥ်တိုက်မှုမှာ တက္ကသိုလ်ကြိုပို့ကျောင်းကား မောင်းနှင်သူဟာ အခင်းဖြစ်တဲ့အချိန်မှာပဲ ထွက်ပြေးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက် ညနေ ၅ နာရီကလည်း လှိုင်သာယာအနောက်ပိုင်းမြို့နယ် ရခိုင်ရိုးကြီးကျေးရွာ အနော်ရထာလမ်းမပေါ်မှာ ၂၂ ဘီးကား အရှိန်လွန်ပြီး အထည်ချုပ်စက်ရုံ ကြိုပို့ယာဥ်ကို တိုက်ခဲ့လို့ အလုပ်သမား ၂၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013