
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်မှာ နိုဝင်ဘာ ၅ ရက် မနေ့ညက ပံ့သကူ ကောက်သူတွေကို ရှောင်တဲ့ကားက တိုက်မိလို့ အမျိုးသမီးတယောက် သေဆုံးသွားပါတယ်။
မနေ့ည ၇ နာရီခွဲလောက်က သာကေတမြို့နယ်၊ ရှုခင်းသာလမ်းမကြီး၊ ၁၀/တောင်၊ ၁၄ ရပ်ကွက်၊ ၁၃ ဂက်စ်ဆိုင်အရှေ့ လမ်းအလယ်မှာ ပံ့သကူကောက်နေတဲ့ သူတွေကို ရှောင်ရင်း လမ်းဘေးမှာရပ်နေတဲ့ အမျိုးသမီးကို တိုက်မိခဲ့တာလို့ သွားရောက်ကူညီခဲ့တဲ့ ရှင်သန်ရေး ကူညီမှုအသင်းဆီက သိရပါတယ်။
သွားရောက်ကူညီခဲ့သူတယောက်က “ကားက တိုက်ပြေးပါ။ ရောက်ချိန် သတိမရတော့တာပါ။ ဆေးရုံရောက်မှ ဆုံးတာပါခင်ဗျာ။ ဦးခေါင်းဒဏ်ရာ ဖြစ်မယ်ခင်ဗျ” လို့ ပြောပါတယ်။
တိုက်တဲ့ကားက ထွက်ပြေးသွားပြီး လူနာကို ရန်ကုန်ဆေးရုံကြီးဆီ ပို့ပေးခဲ့ပေမဲ့ ရောက်ပြီးခဏမှာ သေဆုံးသွားခဲ့တယ်လို့ အသင်းက ထုတ်ပြန်ထားပါတယ်။
သေဆုံးသူ အမျိုးသမီးဟာ အသက် ၄၅ နှစ်ဝန်းကျင်အရွယ် ဖြစ်ပြီး သူ့အကြောင်းကိုတော့ မသိရသေးပါဘူး။
တန်ဆောင်မုန်းလပြည့်နေ့မှာ ပံ့သကူအလှူဆိုပြီး ကားလမ်းမတွေပေါ်မှာ ကားတွေနဲ့ ငွေကြဲချလေ့ ရှိကြတာကို ဝေဖန်နေကြပြီး ပြီးခဲ့တဲ့ရက်ကလည်း ကားတိုက်ခံရလို့ တချို့ ဒဏ်ရာရ သေဆုံးခဲ့သလို မနှစ်ကလည်း ပံ့သကူကောက်ရင်း ကားတိုက်ခံရလို့ အနည်းဆုံး ၃ ယောက် သေဆုံးခဲ့ပါတယ်။


