
စလိုဗက်ကီးယားနိုင်ငံ အရှေ့ပိုင်းမှာ အောက်တိုဘာ ၁၃ ရက်က ရထား ၂ စင်း တိုက်မိခဲ့ရာမှာ ရထားစက်ခေါင်းတွဲနဲ့ ခရီးသည်တွဲတတွဲ လမ်းချော်သွားပြီး အနည်းဆုံး လူ ၂၀ ဒဏ်ရာရခဲ့ကြောင်း အရေးပေါ် ဝန်ဆောင်မှုအဖွဲ့တွေနဲ့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ တင်ထားတဲ့ ဗီဒီယိုမှာ တိုက်မိထားတဲ့ အပျက်အစီးတွေ၊ သံလမ်းပေါ်ကနေ ပြုတ်ကျလာပြီး တောင်ကုန်းဘေးမှာ လဲကျနေတဲ့ စက်ခေါင်းနဲ့ ရထားတွဲတစင်းကို မြင်တွေ့ရပြီး အနီးနားမှာလည်း ဆေးမှူးတွေက ဒဏ်ရာရသူတွေကို ကုသပေးနေပါတယ်။
စလိုဗက်ကီးယားရဲ့ ကယ်ဆယ်ရေးဌာနကတော့ ရဟတ်ယာဉ် ၂ စင်းနဲ့ လူနာတင်ယာဉ် အမြောက်အမြား စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။
အနည်းဆုံး လူ ၂၀ လောက် ဒဏ်ရာရခဲ့ပြီး အနီးနားရှိ ဆေးရုံတွေမှာ ဒဏ်ရာတွေကို အရေးပေါ် ကုသဖို့ အဆင်သင့်ဖြစ်နေကြောင်း အသံလွှင့်ဌာန TA3 က ထုတ်ပြန်ပါတယ်။
အသေအပျောက်သတင်းတွေ ချက်ချင်း မရရှိသေးပါဘူး။ ရထားပေါ်မှာ ခရီးသည် ၈၀ လောက် ပါသွားတယ်လို့ ရဲက ပြောပါတယ်။
စလိုဗက်ဒေသရဲ့ အဓိကမြို့ ကို့ရှီးဆက်ရဲ့ အနောက်ဘက် ၅၅ ကီလိုမီတာလောက်အကွာ ယာဘလူနိုဗ် နာ့တူးနို ကျေးရွာအနီးရှိ ဥမင်လိုဏ်ခေါင်းတခုရဲ့ ရှေ့မှာ ရထားတိုက်မှုဖြစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
ရထား ၂ စင်းတို့ဟာ ရထားလမ်းကြောင်း ၂ ကြောင်း ဖြတ်သွားပြီး လမ်းကြောင်းတခုတည်း ဖြစ်သွားတဲ့ ဆုံမှတ်နေရာမှာ တိုက်မိခဲ့တာဖြစ်ကြောင်း စလိုဗက် မီးရထားဌာနက ပြောကြားခဲ့ပြီး အကြောင်းရင်းကို စုံစမ်းနေတယ်လို့ ဆိုပါတယ်။
Source: Reuters


