
အီဂျစ်နိုင်ငံ၊ ပင်လယ်နီအပန်းဖြေမြို့၊ ရှမ်းမ်အယ်လ်ရှိတ်ခ်နားမှာ အောက်တိုဘာ ၁၂ ရက်အစောပိုင်းက ကားတိုက်မှုဖြစ်ပြီး ကာတာသံတမန် ၃ ယောက် သေဆုံးသွားတယ်လို့ လုံခြုံရေးသတင်းရင်းမြစ် ၂ ခုက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
တခြားသံတမန် ၂ ယောက်လည်း ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးသတင်းရင်းမြစ်တွေက ပြောပေမဲ့ အသေးစိတ်မသိရသေးပါဘူး။
သံတမန်တွေစီးလာတဲ့ ကားက မြို့နဲ့ ၃၁ မိုင် အကွာက လမ်းကွေ့တနေရာမှာ တိမ်းမှောက်သွားခဲ့တာ ဖြစ်ပါတယ်။
ဒီသံတမန်တွေဟာ ဂါဇာမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ပထမအဆင့် ငြိမ်းချမ်းရေး အစီအစဉ်နဲ့ ပတ်သက်ပြီး အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား သဘောတူညီချက်တရပ် ရဖို့ ရှာမ်းအယ်လ်ရှိတ်ရှိ အီဂျစ်အရာရှိတွေနဲ့အတူ ကူညီပေးခဲ့တဲ့ ကာတာစေ့စပ်ညှိနှိုင်းရေးအဖွဲ့ရဲ့ အဖွဲ့ဝင်တွေ ဟုတ်မဟုတ် မသိရသေးပါဘူး။
ဂါဇာငြိမ်းချမ်းရေး သဘောတူညီချက်တရပ်ကို အပြီးသတ်ဖို့ ရည်ရွယ်တဲ့ ကမ္ဘာ့ထိပ်သီးအစည်းအဝေးကို တနင်္လာနေ့မှာ အီဂျစ်နိုင်ငံမှာ လက်ခံကျင်းပဖို့ စီစဉ်ထားပါတယ်။
Source: Reuters




