
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၈ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဒီဇင်ဘာ ၁ ရက် ည ၈ နာရီကျော်က လက်ပစ်ဗုံးနဲ့ ပစ်ခက်တိုက်ခိုက်ခံရတာကြောင့် ရုံးစောင့်အပါအဝင် ပျူစေားထီးတချို့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
Mother Son Yangon Force မြို့ပြယူဂျီ တော်လှန်ရေးတပ်ဖွဲ့က လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲအတွက် အစည်းဝေးလုပ်ဖို့ စီစဥ်နေတာကြောင့် သတိပေး ဖောက်ခွဲတိုက်ခိုက်တာလို့ မြို့ပြယူဂျီတော်လှန်ရေးတပ်ဖွဲ့က ဆိုပါတယ်။
MSYF မြို့ပြပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နိုင်က “လက်ပစ်ဗုံးနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ ၈ ရပ်ကွက်ရုံးထဲမှာ ရွေးကောက်ပွဲအတွက် အစည်းအဝေးလုပ်ဖို့ စီစဥ်နေလို့ အဲဒီရပ်ကွက်မှာက စစ်တပ်ထောက်ခံတဲ့သူများတော့ ထိခိုက်မှုအသေးစိတ်ကို စုံစမ်းလို့မရခဲ့ဘူး” လို့ ပြောပါတယ်။
ဒီဇင်ဘာ ၂ ရက် မနက်မှာ ကြံ့ခိုင်ရေးပါတီအတွက် စည်းရုံးရေးလုပ်ဖို့ စီစဥ်နေတာဖြစ်ပြီး ရွေးကောက်ပွဲ စည်းရုံးလှည့်လည်မှုမှာ မပါဝင် မပတ်သက်ကြဖို့ သတိပေး ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီက ပြုလုပ်မဲ့ အတုအယောင် ရွေးကောက်ပွဲမှာ မပါဝင် မပတ်သက်ကြဖို့၊ ရွေးကောက်ပွဲ စည်းရုံးလှည့်လည် ဟောပြောပွဲတွေနဲ့ ဝေးဝေးမှာနေကြဖို့ကိုလည်း မေတ္တာရပ်ခံတယ်လို့ ဆိုပါတယ်။
လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့တွေက လှိုင်သာယာမြို့နယ်အတွင်း ပိတ်စို့ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ လှိုင်သာယာ အမှတ် ၈ ရပ်ကွက် နေထိုင်သူတွေဆီက သိရပါတယ်။


