
ရန်ကုန်တိုင်း၊ လှည်းကူးမှာရှိတဲ့ ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး ရုံးစောင့် ပျူစောထီးတွေ ထိခိုက်ဒဏ်ရာရတယ်လို့ Yangon Army မြို့ပြပြောက်ကျား တော်လှန်ရေး တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
စစ်တပ်ရဲ့ တရားမဝင်ရွေးကောက်ပွဲကို ဦးဆောင်ပါဝင်လုပ်ဆောင်နေတဲ့ အဲဒီထွေအုပ်ရုံးကို ဇန်နဝါရီ ၂ ရက် ညနေ ၆ နာရီ မိနစ် ၄၀ လောက်မှာ ပြင်းအားမြင့် မိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
Yangon Army မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူယောက်က “စစ်ကောင်စီက ပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲမှာ အားတက်သရော ပါဝင်လုပ်ဆောင်တဲ့ရုံးမို့လို့ မိုင်း ၂ လုံးနဲ့ သွားရောက်ဖောက်ခွဲ တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်တဲ့အချိန်မှာ ရုံးစောင့် ပျူစောထီးအဖွဲ့တွေပဲ ရှိခဲ့လို့ အခြားလူတွေမရှိတဲ့အတွက် ပျူစောထီးတွေတော့ ထိခိုက်မှုတွေရှိတယ်။ ကျနော်တို့ လုပ်စရာရှိတာ အကောင်းဆုံး လုပ်ဆောင်နေပါတယ်” လို့ ပြောပါတယ်။
မိုင်း ၂ လုံးစလုံး ပေါက်ကွဲပေမဲ့ လုံခြုံရေးအရ အမြန်ပြန်ဆုတ်ခွာရလို့ ထိခိုက်မှု အသေးစိတ်ကိုတော့ မသိရသေးဘဲ တရားမဝင်ရွေးကောက်ပွဲကို ပြည်သူတွေက အသိအမှတ်မပြုရင်ပဲ ကျေနပ်ပြီလို့လည်း ဆိုပါတယ်။
စစ်တပ်နဲ့ပတ်သက်တဲ့ ပစ်မှတ်တွေ၊ စစ်တပ်လုပ်မဲ့ တရားမဝင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပါဝင်လုပ်ကိုင်နေသူတွေကို အပြင်းအထန်တိုက်ခိုက်သွားမယ်လို့ Yangon Army က သတိပေးထားပါတယ်။


