
စစ်ကိုင်းတိုင်း၊ ကလေးမြို့က မော်လိုက်အကျဉ်းထောင်မှာ စစ်အာဏာသိမ်း ၅ နှစ်ပြည့် ထောင်တွင်း ဆန္ဒပြမှုအပြီး နိုင်ငံရေးအကျဉ်းသူတချို့ တိုက်ပိတ်ခံထားရပါတယ်။
ဖေဖော်ဝါရီ ၁ ရက်က စစ်အာဏာသိမ်းမှု ၅ နှစ်ပြည့်အနေနဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် မော်လိုက်အကျဉ်းထောင်မှာ အကျဉ်းသူတွေချည်းပဲ ထားတဲ့ အဆောင်ကနေ နိုင်ငံရေးအကျဉ်းသူ ၂၀၀ လောက်က သွေးသစ္စာသီချင်းကို သံပြိုင် အတူဆိုပြီး ထောင်တွင်းဆန္ဒပြခဲ့ကြတယ်လို့ ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဖေဖော်ဝါရီ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အဲဒီလို သီဆိုမှုနဲ့အတူ အမှုကြီး ၉ မှု ပယ်ကာ ဖျက်သိမ်းရေး၊ အကျဥ်းသား/အကျဥ်းသူ တန်းတူအချိုးရရှိရေးနဲ့ အာဏာရှင်အဖွဲ့အစည်းမှန်သမျှ ကျရှုံးရေး ဆိုတဲ့ အချက် ၃ ချက်ကိုပါ တောင်းဆိုဆန္ဒပြခဲ့ကြတာပါ။
အဲဒီအတွက်ကြောင့် ဆန္ဒပြတဲ့နေ့မှာပဲ နိုင်ငံရေးအကျဉ်းသူ ၁၅ ယောက်ကို ထောင်အာဏာပိုင်တွေက တိုက်ပိတ်ပြီး ရိုက်နှက်စစ်ဆေးတာမျိုးတွေ လုပ်နေတာလို့ ကလေးမြို့ လူထုတိုက်ပွဲ ဦးဆောင်ကော်မတီ (KPSSC) က ဆိုပါတယ်။
ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီမှ ဦးမောင်မောင်လေးက “အဲဒီနေ့မှာပဲ ၁၅ ဦး ချက်ချင်း တိုက်ပိတ်ခံရတယ်လို့ ကျနော်တို့ ကြားရတယ်။ ဘယ်သူဘယ်ဝါတွေလဲ ဆိုတာ ကျနော်တို့ စုံစမ်းလို့တော့ မရသေးဘူး။ ပြီးတော့ ဘယ်လိုမျိုး ရိုက်နှက်ခံရလဲ၊ ရိုက်နှက်ခံရတဲ့ထဲမှာ စစ်ဆေးမေးမြန်းတဲ့ အချိန်မှာ သူတို့ ဘယ်လိုပုံစံတွေနဲ့ ဘယ်လိုပြောမလဲ၊ ဖြိုခွင်းတာလား၊ အဲဒါ ပြန်လည်အတည်ပြုနိုင်ဖို့ ကျနော်တို့ ကြိုးစားနေဆဲပါ” လို့ ပြောပါတယ်။
စစ်တပ်က ပြန်လွှတ်ပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွေမှာ အမှုကြီး ၉ မှုကို ချန်လှပ်ပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးနေတဲ့အတွက် မော်လိုက်ထောင်တွင်း တောင်းဆိုချက် ၂ ချက်ဟာ မျှတတဲ့တောင်းဆိုချက် ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောပါတယ်။
လက်ရှိ ထောင်တွေထဲမှာ ရာဇဝတ်သားတွေနဲ့ နိုင်ငံရေးအကျဥ်းသားတွေ ရတဲ့ အခွင့်အရေးတွေမှာ ခွဲခြားဆက်ဆံမှုတွေ ရှိနေပြီး ထောင်ထဲမှာရှိတဲ့ အကျဥ်းသား အကျဥ်းသူအားလုံး တန်းတူအခွင့်အရေး ရသင့်တဲ့အတွက် ဒီလိုတောင်းဆိုမှုလုပ်တဲ့ နိုင်ငံရေးအကျဉ်းသူတွေကို တိုက်ပိတ် ရိုက်နှက်တာဟာ ထောင်တွင်းညှဉ်းပန်းနှိပ်စက်မှု ဖြစ်တယ်လို့ AAPP မှ ကိုအောင်မျိုးကျော်က ပြောပါတယ်။
“ဒီအပေါ်မှာ အခုလောလောဆယ်တော့ တိုက်ပိတ်ခံထားရပြီ ဒီ့ထက်ပိုတဲ့ အပြစ်ပေး အရေးယူမှုတွေ လုပ်လာပြီဆိုရင်တော့ ဒါက အကျဥ်းထောင်ထဲမှာ ညှဉ်းပန်းနှိပ်စက်မှု ကျူးလွန်တာ ဖြစ်တယ်။ အိုကေ ထောင်ထဲမှာ ဒါမျိုးတွေ လုပ်လို့မရဘူး၊ လုပ်လို့ သူတို့ကို တိုက်ပိတ်တယ်၊ အဲဒီအပြင် သူတို့တွေကို မတရားရိုက်နှက်ပြီး ညှဉ်းပန်းနှိပ်စက်ပြီ ဆိုလို့ရှိရင် ဒါ အကျဥ်းထောင် အာဏာပိုင်တွေဘက်က ညှဉ်းပန်းနှိပ်စက်မှုကို ကျူးလွန်တာဖြစ်တယ်။”
မော်လိုက် အကျဉ်းထောင်ထဲကနေ တောင်းဆိုထားတဲ့ ၃ ချက်ထဲက ၁ အချက်နဲ့ ၂ အချက်ကို မြန်မာနှစ်ဆန်း ၁ ရက်နေ့ နောက်ဆုံးထားပြီး သဘောတူပေးဖို့နဲ့ မပေးပါက နှစ်ဆန်း ၂ ရက်မှာ တနိုင်ငံလုံးရှိ အကျဥ်းထောင်တွင်း သပိတ်နေ့အဖြစ် သတ်မှတ်မယ်လို့လည်း တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံအတွင်း အကျဉ်းထောင်အသီးသီးမှာ မတရားဖမ်းဆီး ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူတွေ အသက်အန္တရာယ် လုံခြုံရေး၊ ညှဉ်းပန်းနှိပ်စက်ခံရမှုများ ပပျောက်စေရေးနဲ့ အလျင်အမြန် လွတ်မြောက်ရေးအတွက် အာဏာသိမ်းစစ်တပ်ကို ဖိအားပေး ဆန့်ကျင်ကန့်ကွက်ရုံမျှနဲ့ မလုံလောက်ဘဲ သက်ဆိုင်ရာ အစုအဖွဲ့တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပြီး ထိရောက်တဲ့ ပံ့ပိုးကူညီမှုတွေ လုပ်ပေးဖို့ နိုင်ငံတကာအစိုးရများနဲ့ အဖွဲ့အစည်းများကို ကလေးမြို့ လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက ဆက်လက်တိုက်တွန်းနှိုးဆော်ထားပါတယ်။
မောရစ်


