အာဏာသိမ်း ၅ နှစ်ပြည့်အနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြလှုပ်ရှားမှုကို ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေနဲ့ မြန်မာ့အရေး စိတ်ဝင်စားတဲ့ အဖွဲ့စည်းအသီးသီးက တိုကျိုမြို့မှာ ဒီနေ့ ပြုလုပ်ခဲ့ကြပါတယ်။
တိုကျိုမြို့ ဂိုတင်းဒ Gotanda ပန်းခြံကနေ ရှီနဂဝ ရှိ စစ်ကောင်စီ လက်အောက်ခံ မြန်မာသံရုံးရှေ့အထိ ချီတက်ဆန္ဒပြခဲ့ကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့၊ အကြမ်းဖက်မှု ချက်ချင်းရပ်တန့်ဖို့၊ လေယာဉ်နဲ့ ဆေးရုံ စာသင်ကျောင်းတွေကို ဗုံးကြဲသတ်ဖြတ်နေမှု ချက်ချင်းရပ်တန့်ဖို့နဲ့ ပြည်သူ့အာဏာ ပြည်သူထံ ပြန်လည်အပ်နှံဖို့ စတာတွေ တောင်းဆိုခဲ့ကြပါတယ်။
ဒါ့အပြင် ဂျပန်အစိုးရအနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ပြည်သူဆန္ဒနဲ့ ဆန့်ကျင်ပြီး တရားမဝင်တဲ့ ရွေးကောက်ပွဲရလဒ်နဲ့ ထွက်ပေါ်လာမယ့် အရပ်သားအသွင်ပြောင်း စစ်အုပ်စုကို အသိအမှတ် မပြုဖို့၊ အကြမ်းဖက်စစ်တပ်ထံ စီးဆင်းနေတဲ့ ODA အားလုံးကို ရပ်တန့်ပေးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးကတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူအားလုံး ပြန်လွှတ်ပေးပြီး တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ ဂျပန်နဲ့ နိုင်ငံတကာက တိုက်တွန်းတောင်းဆိုထားတဲ့ကြားက စစ်အုပ်စုက ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့အပေါ် စိုးရိမ်ဝမ်းနည်းကြောင်း ဇန်နဝါရီ ၃၀ ရက်မှာ သဘောထားထုတ်ပြန်ထားပါတယ်။



















