
အမေရိကန်ပြည်ထောင်စု၊ ပင်ဆယ်ဗေးနီးယားပြည်နယ်က နာမည်ကျော် မိုးလေဝသခန့်မှန်းတဲ့ ပွေးကလေး ပန့်ခ်ဆာတော်နီ ဖီးလ်က ဒီနှစ်မှာ ဆောင်းကာလ ၆ ပတ်လောက် ပိုရှည်နိုင်တယ်လို့ ခန့်မှန်းလိုက်ပါတယ်။
ဖေဖော်ဝါရီ ၂ ရက်က ကျင်းပတဲ့ နှစ်စဉ် မြေအောင်းပွေးပွဲတော် (Groundhog Day) မှာ ဖီးလ်ဟာ သူ့ရဲ့ တွင်းအောင်းရာကနေ ထွက်လာခဲ့တာ ဖြစ်ပါတယ်။
ရှေးရိုးရာပုံပြင်တွေအရ ပွေးကလေးက သူ့ရဲ့အရိပ်ကို မြင်ရမယ်ဆိုရင် ဆောင်းကာလ ၆ ပတ် ပိုကြာတတ်ပြီး အရိပ်မမြင်ရရင်တော့ နွေဦးရာသီ စောစောရောက်လာတတ်တယ်လို့ ဆိုပါတယ်။
ဒီနှစ်မှာတော့ ဖီးလ်က သူ့ရဲ့အရိပ်ကို မြင်တွေ့ခဲ့ရတာကြောင့် အခုလို ဆောင်းတာရှည်မဲ့ ခန့်မှန်းချက် ထွက်ပေါ်လာတာပါ။
ပင်ဆယ်လ်ဗေးနီးယားပြည်နယ်၊ ပန့်ခ်ဆာတော်နီမြို့၊ ဂေါ့ဘလာစ်နော့ဘ် ကုန်းမြင့်မှာ ကျင်းပတဲ့ ဒီပွဲတော်ကို လူပေါင်းများစွာ လာရောက်ဆင်နွှဲခဲ့ကြပါတယ်။
ဒီရိုးရာပွဲတော်ကို ၁၈၈၇ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တာဖြစ်ပြီး ဥရောပ ခရစ်ယာန်ဓလေ့တွေကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။
အမေရိကန် အမျိုးသား သမုဒ္ဒရာနဲ့ လေထုစီမံခန့်ခွဲရေးဌာန (NOAA) ရဲ့ အချက်အလက်တွေ အရတော့ ဖီးလ်ရဲ့ ခန့်မှန်းချက်တွေဟာ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်း ၃၅ ရာခိုင်နှုန်းလောက်သာ မှန်ကန်မှုရှိခဲ့တယ်လို့ သိရပါတယ်။ တကယ်တမ်း နက္ခတ္တဗေဒအရ ဆောင်းရာသီကုန်ဆုံးမဲ့ရက်ကတော့ မတ် ၂၀ ရက်နေ့ ဖြစ်ပါတယ်။
Source: Reuters


