
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေ အနောက်ရပ်ကွက်မှာ ဖေဖော်ဝါရီ ၁ ရက်၊ ည ၈ နာရီလောက်က အမျိုးသမီးတယောက်ကို အမျိုးသား ၂ ယောက်က သေနတ်နဲ့ပစ်ခတ်ပြီး ဆိုင်ကယ်လုယက်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ည ၈ နာရီက မဟာအောင်မြေ အနောက်ရပ်ကွက်၊ ၈၄ လမ်း၊ ၄၁ X ၄၂ လမ်းကြားမှာ ရေခဲမုန့်ဆိုင်ဖွင့်ထားတဲ့ ဆိုင်ရှင်အမျိုးသမီးတယောက်ဟာ ဆိုင်သိမ်းပြီး ဆိုင်ကယ်နဲ့ နေအိမ်ပြန်ဖို့ ပြင်နေစဥ် ဆိုင်ကယ်စီးလာတဲ့ အမျိုးသား ၂ ယောက်က လုယက်ခဲ့တာလို့ မြိုခံတယောက်က ပြောပါတယ်။
“ဆိုင်သိမ်းပြီး အိမ်ပြန်ဖို့လုပ်နေတုန်း ဆိုင်ကယ်ဝင်လုတာ။ ကောင်မလေးက ပြန်လုတော့ သေနတ်နဲ့ ပစ်သွားတယ်။ မသေလို့တော်သေးတယ်။ မဟာအောင်မြေမှာ ဆိုင်ကယ်လုယက်မှုဖြစ်စဥ်တွေက ခဏခဏပဲ။ တယောက်တည်း ဆိုင်ကယ်စီးလာရင် ဓားနဲ့ခုတ်လုတယ်၊ ဓားနဲ့ထိုးပြီးလုတာ။ သေတဲ့သူတွေလည်းရှိတယ်။ လုယက်မှုတွေက တနေ့တမျိုး မရိုးနိုင်ဘဲ။”
သေနတ်ဒဏ်ရာရရှိသူမှာ မဟန်ထက်စိုးစံ ဖြစ်ပြီး ကျည်ထိမှန်ဒဏ်ရာ ၂ ချက် ရရှိကာ မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရပါတယ်။
အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တယောက်က “ညာဘက်လက်နဲ့ပေါင်ကို သေနတ်မှန်တာ၊ ၂ ချက် ရှပ်ထိသွားတာဆိုတော့ စိုးရိမ်ရတဲ့ အခြေအနေတော့ မရှိဘူး။ သေနတ်ပစ်သံကြားပြီး လူတွေ ထွက်လာတော့ လုယက်တဲ့သူတွေလည်း ဆိုင်ကယ်ထားပြီး ပြေးသွားတယ်” လို့ ပြောပါတယ်။
မဟာအောင်မြေမြို့နယ်မှာ ပြည်သူ့စစ်ကြီးစိုးရာမြို့နယ်ဖြစ်လို့ သေနတ်နဲ့ပစ်ခတ် ဆိုင်ကယ်လုယက်မှုနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
၂၀၂၅ ခုနှစ် စက်တင်ဘာ ၉ ရက်က မဟာအောင်မြေမြို့နယ်မှာ ဆိုင်ကယ်တွေကို ဖမ်းဆီးလုယက်နေတဲ့ ရဲမွန်တောင် ပြည်သူ့စစ် ၃ ယောက်ကို စစ်ကောင်စီလက်အောက်ခံ ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။
၂၀၂၅ ခုနှစ်အတွင်း မဟာအောင်မြေမြို့နယ်မှာ လုယက်ဓားပြတိုက်မှု ၁၃ မှု ဖြစ်ခဲ့ပြီး အဲဒီထဲက ရွှေနန်းသုခရွှေဆိုင် ဓားပြတိုက်မှုထဲက ၂ ယောက်နဲ့ ဆိုင်ကယ်လုယက်မှုက ၆ ယောက် စုစုပေါင်း ၈ ယောက်ကို ရဲက ဖမ်းဆီးခဲ့ပါတယ်။


