
မန္တလေးနန်းတွင်းက လပခကို Brave Warriors for Myan mar BWM ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ပြီးတဲ့နောက်ပိုင်း မန္တလေးမြို့ထဲမှာ လုံခြုံရေးတင်းကျပ်ကာ အစစ်အဆေးများနေပြီး လူငယ်တွေ ဖမ်းဆီးခံနေရတယ်လို့ မန္တလေး မြို့ခံတွေဆီက သိရပါတယ်။
စစ်ခေါင်းဆောင် မန္တလေးကို ရောက်နေချိန် ပြီးခဲ့တဲ့ ဇန်နဝါ ရီ ၂၇ ရက် မနက်အစောပိုင်းမှာ Brave Warriors for Myan mar နဲ့ ပူးပေါင်းအဖွဲ့တွေက မန္တလေး နန်းတွင်းမှာရှိတဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုအပြီး မန္တလေးမြို့ပေါ်မှာ ဒီကနေ့ မနက်အထိ စစ်တပ်က လုံခြုံရေးတင်းကြပ်ပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတဲ့အပြင် မသင်္ကာတဲ့ လူငယ်တွေကို ဖမ်းဆီးတာမျိုးတွေ ဆက်တိုက်လုပ်နေတယ်လို့ မန္တလေး မြို့ခံတတယောက်က DVB ကို ပြောပါတယ်။
“အဖမ်းအဆီး တအားများတယ်၊ ဖုန်းတွေပါ စစ်တာ။ ရစ်စရာမရှိရင် ဖုန်းထဲမှာ VPN ရှိတာကအစ ရစ်တာ။ အစစ်အဆေးရော၊ အဖမ်းအဆီးရော တအားများတယ်။”
အခြားမြို့ခံတွေရဲ့ အဆိုအရ လမ်းသွားလမ်းလာ လူငယ်တွေကို စစ်တပ်က နေ့ခင်းကြောင်တောင် ဖမ်းဆီးခေါ်ဆောင်သွားတာ တွေ့ရပြီး လက်ရှိအချိန်ထိ လူငယ်ဘယ်နှယောက် ဖမ်းဆီးခံထားရတယ်ဆိုတာကိုတော့ DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဇန်နဝါရီ ၂၇ ရက်မှာ Brave Warriors for Myan mar နဲ့ ပူးပေါင်းအဖွဲ့တွေက ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး လပခ ထဲကို ၃ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ အဲဒီအဖွဲ့က သတင်းထုတ်ပြန်ထားပေမဲ့ DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
အဲဒီပစ်ခတ်မှုကို Brave Warriors for Myanmar BWM အဖွဲ့က ဦးဆောင်ပြီး No More Dictatorship (NMD-PDF) အဖွဲ့၊ Shadow (Mandalay) အဖွဲ့ နဲ့ Infinity (အညာ) အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။


