
မန္တလေးမှာ ငွေကျပ် သန်း ၄,၅၀၀ ကျော် တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေဖမ်းမိပြီး သယ်ခိုင်းသူတွေကိုတော့ ဖမ်းမမိဘူးလို့ စစ်ကောင်စီဩဇာခံ မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဗဟိုအဖွဲ့က ဇန်နဝါရီ ၂၃ ရက်ညမှာ ထုတ်ပြန်ပါတယ်။
ပူးပေါင်းအဖွဲ့ဟာ ဇန်နဝါရီ ၁၄ ရက် မနက် ၅ နာရီခွဲက အမရပူရမြို့နယ်၊ မြစ်ငယ်မြို့နားမှာ ရဲရင့်အောင်(ခ)အားချစ် မောင်းလာတဲ့ Mitsubishi Canter ကားပေါ်ကနေ စိတ်ကြွဆေးပြား ၂၆ ဒသမ ၆ သိန်း ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။
သူ့ရဲ့ဖော်ထုတ်ချက်အရ သယ်ဆောင်ရာမှာ ပူးပေါင်းပါဝင်သူတွေဖြစ်တဲ့ ပြည့်ဖြိုးကျော်နဲ့ သက်ထွန်းဇော် (ခ) စော်ကဲ တို့ကို အဲဒီနေ့ မနက် ၉ နာရီခွဲအချိန်မှာ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုရပ်မှာ Toyota Crown ကားနဲ့အတူ ဖမ်းဆီးရမိပြီး ပြည့်ဖြိုးကျော် နေထိုင်တဲ့ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်မှာရှိတဲ့ အိမ်ကနေလည်း စိတ်ကြွဆေးပြား ၃ ဒသမ ၈ သိန်းကို ထပ်သိမ်းဆည်းရမိခဲ့လို့ စုစုပေါင်း စိတ်ကြွဆေးပြား ၃၀ ဒသမ ၄ သိန်း (ဒေသတန်ဖိုးငွေကျပ်သန်းပေါင်း ၄,၅၆၀)ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ကွင်းဆက်စစ်ဆေးပေါ်ပေါက်ချက်အရ ဖမ်းဆီးရမိတဲ့ဆေးပြားတွေကို တောင်ကြီးမြို့နယ်နေ စိုင်းဇော်လတ်နဲ့ မိတ္ထီလာမြို့နယ်နေ ဝေယံစိုး (ခ) မောင်ရှမ်းတို့ရဲ့ အစီအမံနဲ့ ရမည်းသင်းမြို့နယ်ကနေ မန္တလေးကို သယ်ဆောင်တာလို့ သိရပြီး သူတို့ကိုတော့ ဖမ်းမမိသေးဘူးလို့ ထုတ်ပြန်ထားပါတယ်။


