
အီသီယိုးပီးယားနိုင်ငံမြောက်ပိုင်း၊ တီဂရေးဒေသရဲ့ မြို့တော် မယ်ခါလာကစျေးတွေမှာ ဒေသခံတွေဟာ နေ့စဉ်ဘဝ ဆက်ရှိနေပေမဲ့ တင်းမာမှုတွေ မြင့်တက်လာတာနဲ့အမျှ စိုးရိမ်စိတ်တွေ ပြန်ပေါ်လာနေပြီး ပဋိပက္ခ အခြေအနေဆီ ပြန်ရောက်နိုင်လို့ စိုးရိမ်နေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
၂၀၂၂ ခုနှစ် ငြိမ်းချမ်းရေးသဘောတူညီချက်နဲ့ အဆုံးသတ်ခဲ့တဲ့ ၂ နှစ်စ်ကြာပြီး ပြင်းထန်တဲ့ စစ်ပွဲကနေ စီးပွားရေးလုပ်ငန်းတွေ ပြန်နာလန်ထူနေဆဲဖြစ်တယ်လို့ ဆိုင်ပိုင်ရှင်က ပြောပါတယ်။
ပဋိပက္ခက မျိုးဆက်တခုရဲ့ အချိန်နဲ့ အခွင့်အလမ်းကို လုယူခဲ့ပြီး ကုန်သည်တွေက စုငွေတွေကို ပြန်တည်ဆောက်ဖို့၊ နည်းပညာကို ပြန်ထူထောင်ဖို့နဲ့ ဘဏ်ဝန်ဆောင်မှုတွေကို ပြန်ရနိုင်ဖို့ ရုန်းကန်နေရတုန်းပဲလို့ ကုန်သည်တယောက်က ပြောပါတယ်။
ဝိုင်းရံတိုက်ခိုက်မှုနဲ့ တိုက်ပွဲတွေရဲ့ အမှတ်တရတွေက လတ်ဆတ်နေတုန်းပဲလို့ ဟင်းသီး ဟင်းရွက်ရောင်းချသူ တယောက်ကပြောပါတယ်။
မတည်ငြိမ်မှုအသစ်တွေက အသက်မွေးဝမ်းကျောင်းမှုတွေကို ထပ်ဖျက်ဆီးပြီး လူငယ်တွေကို စစ်ပွဲထဲ ပြန်တွန်းပို့နိုင်တာကို စိုးရိမ်တယ်လို့လည်း ပြောပါတယ်။
တီဂရေးမြို့ရဲ့ အစိတ်အပိုင်းတချို့မှာ ပဋိပက္ခအသစ်တွေ ဖြစ်နေပြီး အီသီယိုးပီးယား အမျိုးသားလေကြောင်းလိုင်း Ethiopian Airlines က ဒေသတွင်း လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းတဲ့ သတင်းတွေကြားမှာ စိုးရိမ်မှုတွေ ပေါ်ပေါက်လာနေတာပါ။
လပေါင်းများစွာ မတည်ငြိမ်တဲ့ အခြေအနေတွေကို ကြုံတွေ့ပြီးတဲ့နောက် ဒေသခံတွေကြား စိုးရိမ်စိတ်တွေ တိုးလာခဲ့ပါတယ်။


