
အီသီယိုးပီးယားနိုင်ငံဟာ ဇန်နဝါရီ ၁၀ ရက်မှာ ဘစ်ရှို့ဖ်တူ မေဂါအပြည်ပြည်ဆိုင်ရာလေဆိပ်ကို စတင်တည် ဆောက်လိုက်ပါတယ်။
ဒေါ်လာ ၁၂ ဒသမ ၅ ဘီလီယံတန် စီမံကိန်းဟာ အာဖရိကရဲ့ အကြီးဆုံးလေကြောင်းဗဟိုချက် ဖြစ်လာမယ်လို့ အရာရှိတွေက ပြောခဲ့ပေမဲ့ ရွှေ့ပြောင်းခံ လယ်သမားတချို့က ပြန်လည်နေရာချထားရေးနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေကို ထုတ်ပြောခဲ့ကြပါတယ်။
ဝန်ကြီးချုပ် အာဘီအာမက်က အဒစ်အဘာဘာမြို့တော်ရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၄၀ လောက်အကွာမှာရှိတဲ့ အဗျူဇေလာရွာမှာ အုတ်မြစ်ချပွဲအခမ်းအနားကို ဦးဆောင်ခဲ့ပြီး အကြီးတန်းအရာရှိတွေနဲ့ ရိုးရာခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။
လေဆိပ်မှာ လေယာဉ်ပြေးလမ်း ၄ ခုနဲ့ ခရီးသည် သန်း ၆၀ အတွက် ဝန်ဆောင်မှုပေးနိုင်တဲ့ ကနဦးစွမ်းရည်ရှိပြီး နောက်ပိုင်းမှာ ခရီးသည် ဦးရေ သန်း ၁၁၀ အထိ တိုးချဲ့လက်ခံဖို့ အစီအစဉ်ရှိထားပါတယ်။
အီသီယိုးပီးယားလေကြောင်းလိုင်းအုပ်စုရဲ့ အမှုဆောင်အရာရှိချုပ် မစ်ဖင်တေဆော်က အလားအလာရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ဖြစ်နိုင်ခြေလေ့လာမှုတွေကို မျှဝေခဲ့ပြီး ဒေါ်လာ ၆ ဘီလီယံ ရရှိပြီးပါပြီ။
အာဖရိကဖွံ့ဖြိုးရေးဘဏ်၊ အရှေ့အလယ်ပိုင်း၊ တရုတ်၊ ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုက မိတ်ဖက်တွေဆီက ရင်းနှီးမြှုပ်နှံမှုတွေကို ပိုမျှော်လင့်ထားတယ်လို့လည်း ပြောပါတယ်။
လေကြောင်းလိုင်းဟာ ကနဦးတည်ဆောက်မှုအတွက် ဒေါ်လာ သန်း ၆၁၀ ကတိပြုထားပါတယ်။ အရာရှိတွေက ဒီစီမံကိန်းကို ဂရန်းအီသီယိုပီးယား ဆည်ကြီးရဲ့ အရွယ်အစားထက် ကျော်လွန်ပြီး ကမ္ဘာလုံးဆိုင်ရာ ဝင်ပေါက်တခုအဖြစ် အီသီယိုးပီးယားကို နေရာချထားရေး မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုအဖြစ် ဖော်ပြပါတယ်။
အာဘီအာမက်က လေဆိပ်ကို အီသီယိုးပီးယား ရည်မှန်းချက်ရဲ့ သင်္ကေတတခုအဖြစ် ခေါ်ဆိုခဲ့ပြီး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရာမှာ ခံနိုင်ရည်ရှိဖို့ တိုက်တွန်းခဲ့ပါတယ်။
လေဆိပ်ဟာ အလုပ်အကိုင်ထောင်ပေါင်းများစွာကို ဖန်တီးပေးမှာဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးနဲ့ ချိတ်ဆက်ရာမှာ အီသီယိုးပီးယားရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးမယ်လို့ အစိုးရက ပြောပေမဲ့ ဝေဖန်သူတွေက လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကုန်ကျစရိတ်တွေကို သတိပေးခဲ့ကြပါတယ်။
Source: Reuters


