
ဂျာမနီနိုင်ငံဟာ အီသီယိုပီးယားနိုင်ငံရဲ့ မြို့တော်မှာရှိတဲ့ အဒစ် အဘာဘာ အမျိုးသား တက္ကသိုလ်မှာ ကျင်းပတဲ့ အခမ်းအနားအတွင်း ယဉ်ကျေးမှုဆိုင်ရာ ရှေးဟောင်းပစ္စည်း ၁၂ ခုကို အီသီယိုးပီးယားအစိုးရဆီ ပြန်ပေးခဲ့တယ်လို့ အရာရှိတွေက နိုဝင်ဘာ ၁၉ ရက်မှာ ပြောပါတယ်။
ဒီလုပ်ရပ်ဟာ နှစ်နိုင်ငံစလုံးက ယဉ်ကျေးမှုဆက်ဆံရေးကို ခိုင်မာစေတယ်လို့လဲ ဖော်ပြခဲ့ကြပါတယ်။
အီသီယိုးပီးယား တော်ဝင်အစဉ်အလာတွေကို ထင်ဟပ်စေတဲ့ ဒိုင်းတွေ၊ သရဖူတွေနဲ့ ပန်းချီကားတွေအပါအဝင် ပစ္စည်းတွေကို အီသီယိုးပီးယားမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂျာမန်သံတမန် ဖရစ်စ် ဗိုက်စ်က ၁၉၂၀ ပြည့်နှစ်တွေတုန်းက ဂျာမနီနိုင်ငံကို ယူလာခဲ့တာပါ။ လွှဲပြောင်းပေးအပ်ပွဲကို နိုင်ငံရဲ့ သက်တမ်း အရင့်ဆုံး တက္ကသိုလ်က ရက်စ် မက်ခွန်နန်ခန်းမမှာ ကျင်းပခဲ့ပြီး အီသီယိုးပီးယား အစိုးရအရာရှိတွေ၊ သံတမန်တွေ နဲ့ ပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။
ဗိုက်စ်ရဲ့ မြေးဖြစ်သူ ပါမောက္ခ ရာမွန် ဗစ်စ်က အီသီယိုးပီးယား လေ့လာရေးဌာနရဲ့ ဒါရိုက်တာ ဒေါက်တာ ယိုဟန်နက်စ် အာဒီဂျေကို စုဆောင်းထားတဲ့ ရှေးဟောင်းပစ္စည်းတွေ ပေးအပ်ခဲ့ပါတယ်။
အဒစ်အဘာဘာမြို့တော် ဂျာမန်သံရုံးက အီသီယိုးပီးယား လေ့လာရေးအင်စတီကျု နဲ့ ပူးပေါင်းပြီး ပြန်လည်ပေးအပ်ပွဲကို စီစဉ်ခဲ့တာပါ။
"၁၉၂၀ ခုနှစ်တွေတုန်းက အီသီယိုးပီးယားမှာရှိတဲ့ ဂျာမန် သံတမန်တဦးရဲ့ မျက်လုံးများဖြင့်" လို့ နာမည်ပေးထားတဲ့ ပြပွဲတခုကို ဂိုသဲအင်စတီကျုမှာ နိုဝင်ဘာ ၂၀ ရက်နေ့ ဖွင့်ဖို့ စီစဉ်ထားပြီး ဖရဇ်နဲ့ ဟေဝစ်ဂ် ဗိုက်စ်တို့ရဲ့ ပုဂ္ဂလိကစုဆောင်းထားတဲ့ ဓာတ်ပုံ ၅၁ ပုံ လည်း ပါဝင်ပြသမှာပါ။
ကိုလိုနီခေတ်အတွင်း အာဖရိက ကနေ ယူလာတဲ့ ယဉ်ကျေးမှုပစ္စည်းတွေကို ပြန်လည်ပေးအပ်ရေး အနောက်တိုင်း အဖွဲ့အစည်းတွေအပေါ် နိုင်ငံတကာဖိအားတွေ တိုးပွားလာနေချိန်မှာ ရှေးဟောင်းပစ္စည်းတွေ ပြန်ပေးလာကြပေမဲ့ ဗိုက်စ်ရဲ့ ပစ္စည်းတွေ ရသွားတဲ့ အခြေအနေတွေကို အသေးစိတ် မဖော်ပြထားပါဘူး။


