Home
နိုင်ငံတကာ
ကွန်ဂို သတ္တုတွင်း ပြိုကျမှုကြောင့် လူပေါင်း ၂၀၀ ကျော် သေဆုံး
DVB
·
February 1, 2026
Photo: PHOTO: Screengrab/Reuters

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်းမြောက်ပိုင်း၊ ကီဗူးပြည်နယ်ရှိ ရူဘာယာကော်လ်တန် သတ္တုတွင်းရဲ့ အစိတ်အပိုင်းမှာ မြေပြိုမှုကြောင့် အခုအပတ်မှာ လူ ၂၀၀ ကျော် သေဆုံးခဲ့ကြောင်း သူပုန်တွေခန့်အပ်ထားတဲ့ ဒေသအုပ်ချုပ်ရေးမှူးရဲ့ ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၃၀ ရက်မှာ ရိုက်တာကို ပြောကြားခဲ့ပြီး   သေဆုံးသူအရေအတွက်ဟာ ၂၂၇  ယောက် အထိ ရှိနေပြီလို့ သောကြာနေ့မှာ အတည်ပြုပါတယ်။ 

ဘေးအန္တရာယ် ဖြစ်ပွားပြီး နောက်တရက်မှာပဲ မြောက်ကီဗူးပြည်နယ် အုပ်ချုပ်ရေးမှူး ဟာဘာတီ မူဆန်ဂါ အီရာ့စ်တိုဟာ ရူဘာယာဒေသကို သွားရောက်ခဲ့ပြီး ဒေသခံဆေးဘက်ဆိုင်ရာဌာနမှာ ကုသမှုခံယူနေတဲ့ အသက်ရှင်ကျန်ရစ်သူတွေနဲ့ ဒဏ်ရာရရှိခဲ့တဲ့ သတ္တုတွင်း လုပ်သားတွေကို တွေ့ဆုံအားပေးခဲ့ပါတယ်။ 

အသက်ရှင်လွတ်မြောက်ခဲ့သူ သတ္တုတွင်းလုပ်သား အီလီယာ ဟာရယ်ရီမာနာကတော့ တောင်စောင်း ပြိုကျလာချိန်မှာ သူဟာ မျောပါသွားခဲ့ပေမဲ့ အသက်ရှင်လျက် ကယ်တင်ခံခဲ့ရတယ်လို့ ပြောပါတယ်။ 

မြောက်ကီဗူးပြည်နယ် အုပ်ချုပ်ရေးမှူးက သူ့ရဲ့ခရီးစဉ်အတွင်း သတ္တုတွင်းလုပ်သားတွေကို မိန့်ခွန်းပြောရာမှာ ဘေးကင်းလုံခြုံရေးကို အထူးသတိထားဖို့ တိုက်တွန်းခဲ့ပြီး သတ္တုတွင်းလုပ်သားတွေကို အန္တရာယ်များတဲ့ တူးဖော်မှုတွေ မလုပ်ကြဖို့ သတိပေးပြောဆိုကာ ၂၀၁၇ ခုနှစ်တုန်းကလည်း အလားတူ မြေပြိုမှုကြောင့် လူပေါင်း ၂,၀၀၀ ကျော် သေဆုံးခဲ့ဖူးတဲ့ သာဓကရှိတယ်လို့ ပြောပါတယ်။ 

ရူဘာယာသတ္တုတွင်းဟာ ကမ္ဘာ့ ကော်လ်တန် ထုတ်လုပ်မှုရဲ့ ၁၅ ရာခိုင်နှုန်းလောက်ကို ထုတ်လုပ်ပေးနေတာဖြစ်ပြီး ဒီသတ္တုကို လက်ကိုင်ဖုန်းတွေ၊ ကွန်ပျူတာတွေနဲ့ လေယာဉ်အစိတ်အပိုင်းတွေနဲ့ ဓာတ်ငွေ့တာဘိုင်တွေ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ အပူဒဏ်ခံ တန်းတလမ် သတ္တုအဖြစ် ပြုပြင်ထုတ်လုပ်တာဖြစ်ပါတယ်။

ဒါပေမဲ့ ဒီသတ္တုတွင်းမှာတော့ အလုပ်သမားတွေဟာ တနေ့လုပ်ခ ဒေါ်လာအနည်းငယ်အတွက် ကိုယ်တိုင်လက်နဲ့ တူးဖော်နေကြရတာပါ။

အဲဒီသတ္တုတွင်းဒေသကို ၂၀၂၄ ခုနှစ် ကတည်းက AFC/M23 သူပုန်အုပ်စုက ထိန်းချုပ်ထားတာ ဖြစ်ပြီး ကုလသမဂ္ဂရဲ့ အဆိုအရ ဒီသူပုန်အဖွဲ့ဟာ သတ္တုတွင်းကရတဲ့ ရန်ပုံငွေတွေနဲ့ သူတို့ရဲ့ တော်လှန်ရေးအတွက် အသုံးပြုနေတယ်လို့ သိရပါတယ်။

AFC/M23 တပ်ဖွဲ့ကတော့ ကွန်ဂိုနိုင်ငံ ကင်ရှာဆာရှိ အစိုးရကို ဖယ်ရှားဖို့ ရည်ရွယ်ထားကြောင်းနဲ့ ကွန်ဂိုရှိ တွတ်ဆီ လူနည်းစုကို ကာကွယ်ဖို့ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။

အခုလက်ရှိမှာတော့ သူပုန်အဖွဲ့ဟာ ကွန်ဂိုအရှေ့ပိုင်းက သတ္တုသယံဇာတ ကြွယ်ဝတဲ့ နေရာတွေကို ဆက်လက်ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013