
စစ်ဘေးသင့် ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းရှိ တောင်ပေါ်မျောက်ဝံတကောင်ဟာ အမြွှာပူး မွေးဖွားခဲ့ကြောင်း အမျိုးသားဥယျာဉ်က ဇန်နဝါရီ ၇ ရက်မှာ ကြေညာခဲ့ပြီး ဒါဟာ မျိုးသုဉ်းပျောက်ကွယ်သွားနိုင်တဲ့ အန္တရာယ်ရှိနေတဲ့ မျိုးစိတ်အတွက် အရေးကြီးတဲ့ ဖြစ်ရပ်လို့ ဖော်ပြခဲ့ပါတယ်။
ဗီရွန်ဂါအမျိုးသားဥယျာဉ်ရဲ့ ကြေညာချက်အရ ဇန်နဝါရီ ၃ ရက်မှာ မာဖူကို အမည်ရှိ မျောက်ဝံမိခင်ဟာ မျောက်ဝံသားလေး ၂ ကောင် မွေးဖွားခဲ့တာကို တွေ့ရှိခဲ့ပြီး စောင့်ကြည့်စစ်ဆေးချိန်မှာ အမြွှာ ၂ ကောင်ဟာ ကျန်းမာရေးကောင်းမွန်နေပုံ ရတယ်လို့လည်း ဆိုပါတယ်။
စတုရန်းမိုင် ၃,၀၀၀ ကျော် ကျယ်ဝန်းတဲ့ အာဖရိကရဲ့ ရှေးအကျဆုံး အမျိုးသားဥယျာဉ်ဟာ ကမ္ဘာ့နောက်ဆုံး လက်ကျန် တောင်ပေါ်မျောက်ဝံ အများအပြားရဲ့ နေအိမ်ဖြစ်ပေမဲ့ ဥယျာဉ်ရဲ့ အစိတ်အပိုင်း အများစုမှာ သူပုန်တွေရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေပြီး တိုက်ပွဲတွေကြောင့် သစ်တောဆုံးရှုံးမှုတွေ ပိုမြန်ဆန်လာခဲ့ပါတယ်။
“ဒီအမြွှာလေးတွေ မွေးဖွားလာတာဟာ ဘာဂျင်နီ မိသားစုအတွင်း ပေါင်းစည်းမှုနဲ့ ဗီရွန်ဂါ အမျိုးသားဥယျာဉ်အတွင်း မျိုးသုဉ်းလုနီးပါးဖြစ်နေတဲ့ တောင်ပေါ်မျောက်ဝံဦးရေ ဆက်လက် တိုးပွားလာမှုကို ပံ့ပိုးဖို့ လက်ရှိ ထိန်းသိမ်းစောင့်ရှောက်ရေး ကြိုးပမ်းမှုတွေအတွက် အဓိကဖြစ်ရပ်တခုပါပဲ” လို့ ဥယျာဉ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
“အမြွှာမျောက်ဝံ အထီးလေးတွေကို ပြုစုစောင့်ရှောက်တာဟာ အထူးသဖြင့် ကလေးငယ်တွေအနေနဲ့ စောင့်ရှောက်မှုနဲ့ သယ်ယူပို့ဆောင်ရေးအတွက် မိခင်အပေါ် အပြည့်အဝ မှီခိုနေရတဲ့ အစောပိုင်းလတွေမှာ စိန်ခေါ်မှုတရပ် ဖြစ်နိုင်တယ်” လို့ ဥယျာဉ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မွေးကင်းစ ကလေးငယ်တွေ ရှင်သန်ရပ်တည်ရေးအတွက် အနီးကပ် သေချာ စောင့်ကြည့်နေကြောင်းလည်း ဆိုထားပါတယ်။
မာမီမျောက်ဝံ မာဖူကို ကဘီရီဇီ မျောက်ဝံမိသားစုမှာ မွေးဖွားခဲ့ပေမဲ့ ၂၀၀၇ ခုနှစ်က သူ့မိခင်ကို လက်နက်ကိုင်တွေက သတ်ဖြတ်ခဲ့ပြီးနောက် ၆ နှစ်အကြာမှာ ဘာဂျင်နီ မျောက်ဝံမိသားစုကို ဝင်ရောက်ခဲ့ကြောင်း ပန်းခြံကြေညာချက်မှာ ဖော်ပြထားပါတယ်။
အခုချိန်မှာ မာဖူကိုဟာ သားသမီးစုစုပေါင်း ၇ ကောင် မွေးဖွားထားပြီး အဲဒီထဲမှာ ၂၀၁၆ ခုနှစ်တုန်းက မွေးဖွားပြီးနောက် တပတ်အကြာမှာပဲ သေဆုံးသွားတဲ့ အမြွှာကလေး ၂ ကောင်လည်း ပါဝင်ပါတယ်။
ဘာဂျင်နီ မျောက်ဝံမိသားစုမှာ အခုဆိုရင် မိသားစုဝင် ၅၉ ကောင်ရှိပြီး ဥယျာဉ်ထဲမှာ အကြီးဆုံး မိသားစုဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
Source: Reuters


