
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံရဲ့ အရှေ့ဘက်ပိုင်းရှိ တောင်ပိုင်းကီဗူးပြည်နယ်မှာ ဗုံးကြဲ တိုက်ခိုက်မှုတွေနဲ့ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားပြီးနောက် လူဗွန်ဂီနဲ့ ကာတိုဂိုတာမြို့တွေမှ လူရာပေါင်းများစွာ ထွက်ပြေးခဲ့ကြကြောင်း နေရပ်စွန့်ခွာရသူတွေနဲ့ ဒေသခံ ခေါင်းဆောင်တွေက ပြောကြားခဲ့ပါတယ်။
လူအများအပြားဟာ အမှတ် ၅ အမျိုးသားလမ်းမကြီးပေါ်ရှိ ဆန်ဂီမြို့ကို ရွှေ့ပြောင်းနေကြ တယ်လို့လည်း ဆိုပါတယ်။
လက်နက်ကိုင်အဖွဲ့တွေနဲ့ နယ်စပ်ဖြတ်ကျော်တင်းမာမှုတွေ ပါဝင်ပတ်သက်နေတဲ့ ၁၀ စုနှစ်ချီကြာ ပဋိပက္ခကို အဆုံးသတ်ဖို့ သံတမန်ရေးအရ ကြိုးပမ်းမှုတွေ ပြန်လည် ပြုလုပ်နေပေမဲ့ လတ်တလော ရက်သတ္တပတ်တွေအတွင်း ကွန်ဂိုအရှေ့ပိုင်းမှာ အကြမ်းဖက်မှုတွေ မြင့်တက်လာမှုနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။
ဒီတင်းမာမှုကြောင့် အိုးအိမ်စွန့်ခွာရမှုတွေ ထပ်ခါတလဲလဲ ဖြစ်ပေါ်ခဲ့ရပြီး ဆိုးရွားတဲ့ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းကို ပိုမိုဆိုးရွားစေခဲ့ကာ မြောက်နဲ့ တောင် ကီဗူး ပြည်နယ်တွေရှိ တိုက်ပွဲတွေကနေ ထွက်ပြေးလာသူတွေကို လက်ခံထားတဲ့ ရပ်ရွာတွေကိုလည်း ဖိအားဖြစ်စေခဲ့ပါတယ်။
လူဗွန်ဂီမြို့မှာ မနက်အစောပိုင်းက ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ထိတ်လန့်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဆန်ဂီမြို့မှာ ရောက်ရှိလာတဲ့ အိုးမဲ့အိမ်မဲ့ မိသားစုတွေက ပြောပါတယ်။
တချို့ကလည်း ကာတိုဂိုတာအနီးတဝိုက်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုတွေဟာ အနီးနားက ကာမန်ညိုလာအထိ ရောက်ရှိခဲ့တယ်လို့ သတင်းပို့ကြပါတယ်။
ဒီဖြစ်ရပ်တွေကြောင့် ဒေသခံတွေဟာ လုံခြုံနိုင်မဲ့ တောင်ဘက်ကျကျကို ရှာဖွေလာကြပြီး အဲဒီဒေသကနေ အစုလိုက်အပြုံလိုက် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ၃ ရက် အတွင်း နောက်ဆုံးတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူအရေအတွက် အများအပြား ရှိလာခဲ့ပေမဲ့ ဆက်သွယ်ရေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ မလုံခြုံမှုတွေ ဆက်လက်ဖြစ်ပေါ်နေတာကြောင့် ထိခိုက် သေဆုံးမှုနဲ့ အိုးမဲ့အိမ်မဲ့ဖြစ်မှု ပမာဏအပြည့်အစုံကို အကဲဖြတ်ဖို့ ခက်ခဲစေခဲ့တယ်လို့ ဒေသခံအာဏာပိုင်တွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လှုပ်ရှားသူတွေက ပြောကြပါတယ်။
Source: Reuters


